အင်္ဂလန် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းက သောကြာနေ့မှာ ဖွင့်လှစ်တော့မယ့် လန်ဒန်အိုလံပစ် ဖွင့်ပွဲမှာ တထောင့်တနေရာကနေ ပါဝင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိပြီးဖြစ်တဲ့ ဘက်ခမ်းဟာ ဖွင့်ပွဲအစီအစဉ်နဲ့ပတ်သတ်ပြီး အသေးစိတ် မပြောကြားခဲ့ပေမယ့် ဖွင့်ပွဲမှာ သူ့နိုင်ငံအတွက် ပါဝင်ရမယ့်နေရာ ရှိကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဘက်ခမ်းက “အဖွင့်ပွဲစဉ်မှာ တထောင့်နေရာကနေ ပါဝင်ခွင့်ရှိတာ ဖြစ်တဲ့အတွက် ဂုဏ်ယူမိသလို ဒီ လန်ဒန် အိုလံပစ် ဖြစ်မြောက်ရေးအတွက် လွန်ခဲ့တဲ့ ၇ နှစ်ထဲက ကျနော် ပါဝင်ကူညီခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။ ဒေးဗစ် ဘက်ခမ်းဟာ စတူဝတ် ပီယာစ့်ရဲ့ ဂရိတ် ဗြိတိန် ဘောလုံးအသင်း လူစာရင်းမှာ အံ့သြဖွယ်ရာ ချန်ထားခံခဲ့ရတာကြောင့် ဘက်ခမ်းရဲ့ ပရိသတ်တွေက မကျေမနပ် ဖြစ်နေခဲ့တာပါ။
၂၀၁၂ လန်ဒန် အိုလံပစ် ဖြစ်မြောက်ရေး ကော်မတီက လော့ဒ်ကိုးက သူဟာ ဒေးဗစ် ဘက်ခမ်း ပါဝင်ရမယ့် အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီး တွေ့ဆုံပြောဆိုထားပြီးပြီလို့ သိရပါတယ်။ ဆက်လက်ပြီး လော့ဒ်ကိုးက “ဒေးဗစ်ဟာ လန်ဒန်အိုလံပစ် အတွက် အထူးပါဝင် ဆောင်ရွက်ပေးခဲ့သူပါ။ ကျနော်တို့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရဖို့ စတင်ကြိုးပမ်းကတည်းက စိတ်ရောကိုယ်ပါ ပါဝင်ကူညီပေးခဲ့ပြီး အခုလည်း လန်ဒန် အိုလံပစ် အောင်မြင်စွာ ပြီးဆုံးသည်အထိ ကူညီဖို့စိတ်အားထက်သန်တဲ့ သူတဦးဖြစ်ပါတယ် ။ဘက်ခမ်းဟာ လန်ဒန် အရှေ့ပိုင်းသားတဦးဖြစ်ပြီး အားကစားနဲ့လူငယ်ဟာ ဘယ်လောက် အရေးပါသလဲဆိုတာ သိပါတယ်။ သူဟာ လူငယ်တွေအတွက် စံထားစရာ သူတယောက်ပါ” လို့ ပြောဆိုသွားပါတယ်။
ယခု လက်ရှိ အမေရိကန် ဘောလုံးကလပ် တခုဖြစ်တဲ့ အယ်အေ ဂလက်စီမှာ ကစားနေတဲ့ ဘက်ခမ်းဟာ အမေရိကန်လိဂ် ဘောလုံးပွဲစဉ်တွေ ရပ်နားထားတုန်း အင်္ဂလန်သို့ပြန်ရန် စီစဉ်ထားပြီး တတ်နိုင်တဲ့ဘက်မှ ပါဝင် ကူညီသွားမယ်လို့ သိရပါတယ်။
ဂရိတ်ဗြိတိန် ဘောလုံးအသင်းမှာ ပါဝင်ခွင့် မရခဲ့တာနဲ့ပတ်သတ်ပြီး “ကျနော်ဟာ ဘောလုံး ဆက်ကစားနိုင်နေသရွေ့ ရည်မှန်းချက်ကြီးကြီး ထားပါတယ်။ ကျနော်ဟာ အသက် ၃၇ ဖြစ်ချင်ဖြစ်နေမယ်၊ ဒါပေမယ့် ချန်ပီယံဆုဖလားတွေ ရယူနိုင်ဖို့ဆာလောင်နေဆဲပါ။ အခု လန်ဒန် အိုလံပစ်မှာတော့ နိင့်ငံအတွက် ကျနော့်ဘက်က တထောင့်တနေရာကနေ တတ်စွမ်းသမျှ ပါဝင်ကူညီသွားမှာပါ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
Source: BBC