ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန် လေဆိပ်ကို ယခုနှစ်၂၀၂၀ ဇွန်လအတွင်း ဖွင့်လှစ်နိုင်မည်ဟု ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးချုပ် က “ဖလမ်းနဲ့ လေယာဉ်ကွင်းက ၈ မိုင် ဝေးတယ်။ အခုဆို ချင်းပြည်နယ် မြောက်ပိုင်းကို ပြည်တွင်းပြည်ပ ခရီး သွားတွေ လာတာ များလာတယ်။ လမ်းပန်း ဆက်သွယ်ရေးအနေနဲ့ အနည်းငယ် ခက်ခဲနေတာ ရှိနေသေးတယ်။ အဲဒါ ကြောင့် လေဆိပ်ဖွင့်နိုင်ရင်တော့ အချိန်တိုတိုအတွင်းမှာ သွားလာရ လွယ်ကူသွားမယ်။၂၀၂၀ ဇွန်လမှာ ဖွင့်နိုင်ဖို့တော့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် လေယာဉ်ကွင်း တည်ဆောက်မှုမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆူရ်ဘုန်လေဆိပ် တည်ဆောက် ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်း ဝင်ပေါက်အဖြစ် ဖွံ့ဖြိုးလာနိုင်သည့် အပြင် ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုတိုအတွင်း လာရောက် လည်ပတ်နိုင်ပြီး ဒေသခံ တိုင်းရင်းသားများသည်လည်း မြန်မာနိုင်ငံနေရာ အနှံ့အပြားသို့ လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရန်အတွက် ရည် ရွယ် ဖောက်လုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြသည်။
ဆူရ်ဘုန် လေယာဉ်ကွင်းသည် လေယာဉ်ပြေးလမ်း အရှည် ပေ ၆ ထောင်၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ပြေးလမ်း တဖက် တချက်စီကို ပေ ၅၀၀ ကျယ်ဝန်းပြီး ခံနိုင်ရည်စွမ်းအား ပေါင် ၅၀၀၀၀ ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်ရန် တည်ဆောက်ထားသည်ဟု သိရသည်။
ဝန်ကြီးချုပ် က “လေယာဉ်ကွင်းအတွက် ဘတ်ဂျက်က ၃၇ ဘီလီယံ လျာထားတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဘတ်ဂျက် အနေအထားအရ တဖြည်းဖြည်းတော့ စိစစ်နေရပါတယ်။ နောက် ကျနော်တို့ ချင်းပြည်နယ်က မိုးရာသီ ကာလရှည်ပြီးတော့ ပွင့်လင်းရာသီ နည်းနည်း တိုတယ်။ အဲဒါကြောင့် မိုးရာသီမှာ တိမ်တွေ၊ မြူခိုးတွေ ရှိတဲ့အတွက် သတိထားရသလို နွေမှာ လည်း တောင်ယာမီးရှို့တာတွေ ရှိတဲ့အတွက် မီးခိုးတွေကို သတိထားရပါတယ်။ အဲဒါတွေကို ဖောက်ထွင်းနိုင်တဲ့ ကိရိယာ တွေကို နိုင်ငံခြားကနေ ဝယ်ယူရတာကြောင့် အနည်းငယ် ကြန့်ကြာနေတာပါ” ဟု ပြောသည်။
ချင်းပြည်နယ်၏ အလယ်ပိုင်းတွင် ရှိသော ဖလမ်း ဆူရ်ဘုန်လေဆိပ်မှ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ် ရေကန် စသည့် နေရာများသို့လည်း အချိန်မရွေး လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည် ဖြစ်သည်။
ဒေသခံ ချင်းတိုင်းရင်းသူ မချယ်ရီ က “လေယာဉ်ကွင်း ပြီးသွားရင်တော့ အရင်ထက် လမ်းခရီးက ပိုအဆင်ပြေလာနိုင် တယ်။ အရင်ကဆို ချင်းပြည်နယ်အတွင်းမှာတောင် တနေရာနဲ့ တနေရာသွားဖို့ လမ်းက အရမ်းဆိုးတာ။ မိုးတွင်းမှ မဟုတ် ဘူး။ အမြဲသွားဖို့ အခက်အခဲ ဖြစ်နေတာဆိုတော့ ဒီလိုမျိုး လေဆိပ်ရှိလာတော့မှာကို အရမ်း ဝမ်းသာတယ်”ဟု ပြောသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံဖြိုးမှု နောက်ကျဆုံး ပြည်နယ်ဖြစ်သကဲ့သို့ တောင်တန်းများ မြင့်မား မတ်စောက် ထူ ထပ်သည့် အတွက်လည်း သွားလာရခက်ခဲသော ပြည်နယ်တခု ဖြစ်သည်။
ချင်းပြည်နယ်သို့ သွားရောက်မည်ဆိုပါက ကားလမ်းအပြင် တခြား ပို့ဆောင်ဆက်သွယ်ရေး မရှိခြင်းကြောင့် ယခုကဲ့သို့ လေယာဉ်ကွင်း တည်ဆောက်နိုင်ခြင်းက ပြည်သူများအတွက် များစွာအကျိုးရှိနိုင်မည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။