တစုံတယောက်ကို ချစ်ရမှာကြောက်တဲ့ရောဂါဆိုတာဟာ အနည်းငယ်ထူးဆန်းတယ်လို့ ထင်ရပေမယ့် ဒီရောဂါဟာဆိုရင်တော့ အကြောက်လွန်ရောဂါတွေထဲက တခုအပါအဝင်လည်း ဖြစ်ပါတယ်။ Philophobia ဝေဒနာခံစားနေရသူတွေဟာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် အမြဲလိုလို မကောင်းမြင်တတ်ကြပြီး စစ်တမ်းတွေအရဆိုရင်တော့ အမေရိကန်ပြည်ထောင်စုတခုတည်းနဲ့တင် Philophobia ဝေဒနာခံစားနေရသူပေါင်း ၂၅၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
Philophobia ဝေဒနာဘာကြောင့်ခံစားရတာလဲဆိုတဲ့ သုတေသနလေ့လာချက်မှာတော့ အဆင်မပြေတဲ့ relationship ကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေခံစားရာကနေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ စိတ်ပညာရှင်တွေကရော ဆေးပညာရှင်တွေကပါ အဆိုပြုထားကြတာ ဖြစ်ပါတယ်။
ကလေးဘဝတုန်းက အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေဆီက မွေးဖွားလာကြသူတွေ အများစုမှာဆိုရင်လည်း ဒီရောဂါခံစားရတတ်ကြပြီး မိမိပတ်ဝန်းကျင်မှာ အချစ်နဲ့ ပတ်သက်ပြီး ထိထိခိုက်ခိုက် ခံစားကြရသူတွေကို မကြာခဏဆိုသလို တွေ့မြင်နေရတဲ့အခါမျိုးတွေမှာလည်း Philophobia ဝေဒနာကို ခံစားရလာကြပါတယ်။
Philophobia ရောဂါရဲ့ထင်ရှားတဲ့ လက္ခဏာတွေကတော့-
(၁) စုံတွဲတွေအများဆုံးရှိတတ်တဲ့နေရာတွေနဲ့ မင်္ဂလာပွဲတွေသွားရောက်ခြင်း၊ romantic ဆန်တဲ့ ရုပ်ရှင်လိုမျိုးတွေကို ကြည့်ရှုခြင်းကို လုံးဝမနှစ်သက်ကြပါဘူး။
(၂) မိမိဟာ တစုံတယောက်ကို စတင်စိတ်ဝင်စားပြီဆိုတာနဲ့ မကောင်းမြင်တဲ့ အတွေးတွေသာ အရင်ဆုံးစဉ်းစားတတ်ကြပြီး သံယောဇဉ်ဖြစ်လာနိုင်မယ့် ဆက်သွယ်မှုမျိုးကို ရှောင်ရှားတတ်ကြပါတယ်။
(၃) မိမိကို စိတ်ဝင်စားတဲ့သူကိုပဲဖြစ်ဖြစ်၊ မိမိကနေ စိတ်ဝင်စားနေသူကိုပဲဖြစ်ဖြစ် အလွယ်တကူ မယုံကြည်တတ်ကြတဲ့အပြင် စိတ်ထဲကနေ ထုတ်ဖို့ကို အပြင်းအထန် ကြိုးစားတတ်ကြပါတယ်။
(၄) Philophobia ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေမှာဆိုရင်တော့ မိမိဟာ တစုံတယောက်ကို ချစ်မိနေပြီလို့ ထင်မြင်မိတာနဲ့ တပြိုင်နက် အသက်ရှုကြပ်ခြင်း၊ ခြေဖျားလက်ဖျားတွေအေးပြီး ချွေးစေးတွေပြန်ခြင်းနဲ့ ကတုန်ကယင်ဖြစ်ခြင်းတွေကို ခံစားရတတ်ကြပါတယ်။
Ref: www.womenalia.com