ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ Nicanor Quinteros ဆိုသူ အာဂျင်တီးနားနိုင်ငံ San Juan မှာ နေထိုင်တဲ့ ကောင်လေးဟာဆိုရင် သူ့ရဲ့ အိမ်နီးနား ပတ်ဝန်းကျင်က ကျောင်းမတက်နိုင်တဲ့ ကလေးတော်တော်များများအတွက် ကိုယ်ပိုင်ကျောင်းတကျောင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီကိုယ်ပိုင်ကျောင်းငယ်လေးကို စတင် တည်ထောင်ဖွင့်လှစ်ခဲ့တာဟာ သူ့အသက် ၉ နှစ်အရွယ်လောက်တည်းက ဖြစ်ပြီး အခုအချိန်မှာဆိုရင်တော့ ဒီကျောင်းရဲ့သက်တမ်းဟာ ၄ နှစ်ခန့် ရှိနေပါပြီ။ မိဘတွေ မရှိတော့တဲ့ Nicanor Quinteros ဟာ အဘွားဖြစ်သူနဲ့ ချို့ချို့တဲ့တဲ့ နေထိုင်နေရတာဖြစ်ပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ကိုယ်ပိုင်ကျောင်း တကျောင်း ဖွင့်လှစ်ခဲ့တာပါ။
သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်က အိမ်ခြေရာမဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေဟာ ကျောင်းစရိတ်မသွင်း နိုင်ကြတဲ့အပြင် ကျောင်းသွားတဲ့အခါ စီးမယ့် ဖိနပ်တစုံတောင် မရှိပါဘူး။
ဒီလို ကလေးငယ်တွေအတွက် Nicanor နဲ့ အဘွားဖြစ်သူဟာ ချို့တဲ့တဲ့ ကြားထဲကပဲ “Patria y Unidad” လို့ အမည်ရတဲ့ ကျောင်းငယ်လေးကို ဖွင့်လှစ်ခဲ့ပြီး စာသင်ခုံတွေနဲ့ ထိုင်ခုံတွေအဖြစ်တော့ သစ်သီးထည့်တဲ့ ပုံးခွံအလွတ်တွေ၊ တခြားသူတွေဆီကနေ အလှူခံလို့ရတဲ့ စာအုပ်တွေနဲ့ အမိုးအကာ အဟောင်းအနွမ်းတွေကို အသုံးပြုပြီး စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။
၄ နှစ်တာကာလကို ဖြတ်သန်းသွားပြီးတဲ့နောက်မှာတော့ Nicanor ရဲ့ ကိုယ်ပိုင်ကျောင်းလေးမှာ စာသင်ခန်း ၂ ခန်း၊ Blackboard တချပ်၊ စာကြည့်တိုက်အသေးစား တခုနဲ့ ကျောင်းတက်ကျောင်းဆင်း အချက်ပေးခေါင်းလောင်းတခု ရှိလာခဲ့ပါပြီ။
Nicanor ဟာ သူ့ရဲ့ ဒီကိုယ်ပိုင်ကျောင်းငယ်လေးကို ရောက်ရှိဖို့အတွက် သူနေတဲ့နေရာကနေ နေ့စဉ် ၄ ကီလိုမီတာခန့် စက်ဘီးနင်းကာ လာရောက်ရတာဖြစ်ပြီး သူ့ရဲ့ကျောင်းသား၊ ကျောင်းသူတွေကို လက်ဖက်ရည်နဲ့ ကွတ်ကီးတို့လို စားစရာတွေကိုလည်း ကျွေးမွေးနေတာပါ။
Nicanor ရဲ့ ဒီကျောင်းမှာဆိုရင်တော့ ကျောင်းသား၊ကျောင်းသူ အယောက် ၄၀ ခန့်ရှိပြီး ဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတဦးက “ဒီကျောင်းမှာ တက်ရတာ ကျနော့် အတွက်တော့ အရာရာ အဆင်ပြေပါတယ်၊ လွတ်လွတ်လပ်လပ်လည်း ရှိတယ်၊ စာသင်ရတာလည်း ပျော်စရာကောင်းတယ်၊ အဝတ်အစားကောင်းကောင်းမွန်မွန် မဝတ်နိုင်တာ၊ ဖိနပ်မရှိတာတွေ အတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး၊ အခု ကျနော် ၃ တန်းရောက်နေပါပြီ”လို့ ဆိုပါတယ်။
Ref. brightsid.me