တချို့နိုင်ငံတွေဟာ စီးပွားရေး တိုးတက်လာဖို့အစား နိုင်ငံရဲ့ ရာသီဥတုအခြေအနေ ပြောင်းလဲလာမှုကို ကာကွယ်ဖို့ အားထုတ်လာကြပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို အကောင်းဆုံး တားဆီးနိုင်တဲ့ နည်းလမ်းကတော့ သစ်ပင်စိုက်ပျိုးတာနဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားရမယ့်အကြောင်း လူတွေကို အသိပေးတာပါပဲ။ ဒါကြောင့်လည်း တချို့နိုင်ငံတွေဟာ အသိရှိရှိနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ ချနိုင်ဖို့ ကြိုးစားလာကြပါတယ်။
အခုဖော်ပြပေးမယ့်နိုင်ငံတွေကတော့ ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်နေတဲ့ နိုင်ငံတွေပါ။
(၁) အိုက်စလန်နိုင်ငံ
အိုက်စလန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုကို သတိရှိရှိနဲ့ ဖြေရှင်းနေတဲ့နိုင်ငံပါပဲ။ ပတ်ဝန်းကျင် ပြောင်းလဲလာမှုကို အလေးအနက်ထားတဲ့ နိုင်ငံတွေထဲမှာ အိုက်စလန်နိုင်ငံလည်း ပါဝင်ပါတယ်။ နောင်လာမယ့် မျိုးဆက်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ဆိုးဆိုးဝါးဝါး ခံစားမနေရအောင် ရေရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်နေပါတယ်။
အိုက်စလန်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု အညွှန်းကိန်းက ၉၃ ဒဿမ ၅ အထိ ရှိနေပါတယ်။ အိုက်စလန်အစိုးရရဲ့ အဓိကဦးစားပေးလုပ်ငန်းကတော့ လျှပ်စစ်ကနေရတဲ့ အပူစွမ်းအင်ကို လျှော့ချနိုင်ဖို့ဖြစ်သလို ပတ်ဝန်းကျင်တွေ စိမ်းစိုနေစေဖို့ပဲ ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ လုပ်ငန်းတခုကတော့ သမုဒ္ဒရာအတွင်းက စွန့်ပစ်အမှိုက်တွေကို လျှော့ချနိုင်ဖို့ပါပဲ။
အဲဒီလို သမုဒ္ဒရာအတွင်း စွန့်ပစ်အမှိုက်တွေကို လျှော့ချခြင်းအားဖြင့် သန့်စင်တဲ့ရေကို ရမှာဖြစ်တဲ့အပြင် သမုဒ္ဒရာအတွင်း နေထိုင်ကြတဲ့ ရေနေသတ္တဝါတွေကိုလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
(၂) ဆွစ်ဇာလန်နိုင်ငံ
ဆွစ်ဇာလန်နိုင်ငံကတော့ ၂၀၁၈ ခုနှစ်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ဒုတိယနေရာက ရှိနေပြီး အညွှန်းကိန်းတွေအရတော့ ၈၉ ဒဿမ ၁ ရှိနေပါတယ်။ ကိုယ်နေတဲ့အရပ်ကို သန့်သန့်ရှင်းရှင်းထားနိုင်အောင် နည်းလမ်းတွေ အမျိုးမျိုးနဲ့ လှုံ့ဆော်ပေးနေသလို ရေရှည်တည်တံ့ နိုင်မယ့် စီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ ဖွံ့ဖြိုးလာမှုနဲ့အတူ တွဲပါလာတဲ့ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ အဲဒီ ဥပဒေကတာ့ လယ်ယာမြေ ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပါ။ နောက်ထပ်ဦးစားပေးလုပ်ငန်းကတော့ သစ်ပင်စိုက်ပျိုးတာနဲ့ သစ်တောတွေကို ကာကွယ်တာဖြစ်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချတာပါ။
(၃) ကော့စတာရီကာနိုင်ငံ
ကော့စတာရီကာနိုင်ငံရဲ့ ထင်ရှားတဲ့အမှတ်အသားကတော့ အံ့သြစရာကောင်းလောက်အောင် လှပတဲ့ ရှုခင်းတွေပါ။ ကော့စတာရီကာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအညွှန်းကိန်းက ၈၆ ဒဿမ ၄ ရှိပါတယ်။
ကော့စတာရီကာနိုင်ငံဟာ လေထုညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ အထူးကြိုးစားနေပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး ကာဗွန်ကင်းစင်နိုင်ငံဖြစ်လာဖို့ ကော့စတာရီကာနိုင်ငံက မျှော်လင့်ထားပါတယ်။ နိုင်ငံသားတွေကိုလည်း ဖန်လုံးအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချဖို့ တိုက်တွန်းထားပါတယ်။ ကော့စတာရီကာ နိုင်ငံရဲ့ နောက်ထပ်မျှော်လင့်ချက်ကတော့ သူ့နိုင်ငံသားတွေဟာ ကမ္ဘာ့အပျော်ရွှင် ဆုံးလူသားတွေ ဖြစ်လာဖို့ပါပဲ။
နောက်ထပ် ကမ္ဘာကြီးပူနွေးလားမှုကို သတိရှိရှိနဲ့ရင်ဆိုင်နေတဲ့ နိုင်ငံတွေကတော့ ဆွီဒင်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ မောရစ်ရှသမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ သြစတြေးယားနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ကိုလံဘီယာနိုင်ငံနဲ့ ဖင်လန်နိုင်ငံ တို့ပါပဲ။
Ref: conserve-energy-future