ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အသွားအလာ ကန့်သတ်ပိတ်ပင်ရာကနေ အိမ်မှာပဲနေချိန် ကြာရှည်လာတာနဲ့ စိတ်ဖိစီးမှုဒဏ် အနည်းအများ ခံစားရပါတယ်။ လူတိုင်းခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်အောင် ဂျော်ဒန်နိုင်ငံမှာတော့ ပုဆိန်တွေနဲ့ ပစ်ပေါက်နိုင်တဲ့ နေရာတခု ဖန်တီးပေးထားပါတယ်။
“Axes Rage Rooms” လို့ နာမည်ပေးထားတဲ့ နေရာမှာ lockdown ကြောင့် မွန်းကြပ်နေတဲ့ ဒေါသစိတ်တွေကို ထွက်ပေါက်ပေးဖို့ ပုဆိန်တွေ ပစ်ပေါက်နိုင်အောင် ထားရှိပေးထားတာပါ။ ဒီနေရာကို ရောက်သွားပြီဆိုရင် ပုဆိန် ပစ်ပေါက်တာအပြင် တီဗီတွေကို ရိုက်ခွဲတာမျိုး၊ ပန်းကန်ပြားတွေ ခွဲတာမျိုး၊ တခြား လျှပ်စစ်ပစ္စည်းတွေ စိတ်ကြိုက် ဖျက်ဆီးနိုင်တာမျိုးတွေ လုပ်နိုင်ပါတယ်။
အရင်လို ရှိုးပွဲတွေနဲ့ အားကစားပွဲတွေ မရှိချိန်မှာ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နိုင်ပြီး ဒေါသအပီပေါက်ကွဲနိုင်သလို မိတ်ဆွေ အပေါင်းအသင်း၊ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ပါ မွေးနေ့ပွဲ၊ မင်္ဂလာပွဲတွေအထိ ကျင်းပနိုင်ပါသေးတယ်။
“ကျမ အရင်က darts လိုမျိုးတော့ ကစားဖူးပေမယ့် ခုလို ပစ်မှတ်စက်ဝိုင်းချင်း တူတာတောင် ပုဆိန်နဲ့ ပစ်ပေါက်ရတဲ့ ခံစားချက်က တကယ့်ကို အသစ်အဆန်းပဲ။ ဒီမှာလာပြီး အားအင်အကုန် သုံးပစ်ဖို့ အကောင်းဆုံးပဲ” လို့ မျက်နှာကာတွေ၊ ခေါင်းဆောင်းတွေဝတ်ပြီး ကိုဗစ်ကာလမှာ စိတ်ဖိစီးနေသမျှ လာဖြေလျှော့နေတဲ့ Nour Mohaib က ပြောပါတယ်။
Axes Rage Rooms မှာ စာသင်ခန်းပုံစံ၊ မီးဖိုချောင်ပုံစံ စတဲ့ အမျိုးအစား ၅ မျိုးရှိပြီး ကြိုက်နှစ်သက်ရာအခန်းမှာ ကိုယ့်စိတ်ကြိုက် ဒေါသပေါက်ကွဲပစ်လို့ ရပါတယ်။
“ကျနော်တို့ဆီမှာ ဘေ့စ်ဘောရိုက်တံတွေနဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ရိုက်ခွဲတာ၊ ပန်းကန်းပြားတွေကို ပစ်ပေါက်ပြီး ခွဲတာမျိုးတွေ အပေါင်းအသင်းတွေနဲ့ ဒါမှမဟုတ်လည်း တယောက်တည်း အချိန်မရွေး လာခဲ့လို့ရပါတယ်” ဆိုပြီး သူတို့ရဲ့ website မှာ ညွှန်ထားပါသေးတယ်။
ထိခိုက်မိနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့ တည်ထောင်သူ Aladdin Attari က ဆိုပါတယ်။ “ဘယ်သူမှ ပုဆိန်တွေ ပစ်ပေါက်နေတဲ့အခန်းကို မျက်လုံး၊ မျက်နှာ၊ အကာကွယ်ပစ္စည်းတွေ မတပ်ဘဲ ဝင်ခွင့်မပေးထားပါဘူး” လို့ ဆိုပါတယ်။
တယောက်ကို ၁ နာရီစာအတွက် ဂျော်ဒန်ငွေ ဒီနာ ၁၅ (အမေရိကန်ဒေါ်လာ ၂၁) ကျသင့်မှာဖြစ်ပြီး စိတ်ကြိုက် ဘယ်ပစ္စည်းမဆို ရိုက်ခွဲခွင့်ပေးထားပါတယ်။ ၁ နာရီစာက လူတယောက် စိတ်ဖြေလျှော့ဖို့ လုံလောက်တဲ့အချိန် အဖြစ် သတ်မှတ်ထားတာဖြစ်တယ်လို့ Customere Service မှ တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။
Ref: Asharq Al-Awsat
You may also like these stories:
ဘေရွတ်ပေါက်ကွဲမှုအပြီး အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ရှောက်ပေးနေတဲ့ ပရဟိတအဖွဲ့
ကိုဗစ်ကာလအတွင်း စုဆောင်းထားတာတွေနဲ့ ရပ်တည်နေတဲ့ ဆိုဖီယာနဲ့ ကေကေမိုး