မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို လာမည့် ဖေဖော်ဝါရီလ အတွင်း ရုပ်သိမ်းသွားဖွယ်ရှိကြောင်း EU သံတမန်အသိုင်းအဝိုင်းက ပြောသည်။
ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ကနဦး ခြေလှမ်းအဖြစ် EU အဖွဲ့ဝင် နိုင်ငံများဆွေးနွေးညှိနှိုင်းပြီးနောက် ကြေညာချက် တခု ပေါ်ထွက်နိုင်ကြောင်း၊ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ EUအနေဖြင့် မြန်မာနိုင်ငံ၏ ပြောင်းလဲ တိုးတက်မှုများကို ထောက်ခံသည့်လက္ခဏာ ပြလိုကြောင်း EU သံတမန်များ၏ ပြောဆိုချက်ကို AFP သတင်း တပုဒ်တွင် ဖော် ပြထားသည်။
ဗြိတိန်နိုင်ငံနှင့် EU နိုင်ငံတချို့က ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ် လပ် မျှတမှု ရှိမရှိ စောင့်ကြည့် ချင်သေးသော်လည်း ပြင်သစ်၊ ဂျာမနီနှင့် EU နိုင်ငံ တချို့ကမူ မြန်မာ့ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ အားပေးလိုကြောင်းလည်း AFP သတင်း၌ ပါရှိသည်။
“ပြုပြင် ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှု အရိပ်လက္ခဏာတွေအရ ကျနော်တို့ရဲ့မူဝါဒတွေကို ယေဘုယျ ကျကျ ပြန်သုံးသပ် သွားဖို့ ရှိပါတယ်”ဟု EU ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကော်မတီအကြီးအကဲ ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရ Michael Mann က AFP ကို ပြောဆိုသည်။
ကက်သရင်း အက်ရှ်တန်သည် မြန်မာနိုင်ငံသို့ မကြာခင်သွားရောက် လည်ပတ်ရန်ရှိပြီး မြန်မာအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်း ရန်အတွက် စဉ်းစားနေကြောင်း၊ အကူအညီပေးရေး ကိစ္စများကိုလည်း စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှု အသစ်များ အပေါ်မူတည်၍ EU ၏မူဝါဒများကို ပြန်လည်သုံးသပ်ရန် အဖွဲ့ဝင်၂၇ နိုင်ငံ ပါဝင်သည့် EU နိုင်ငံခြားရေးဝန်ကြီးများသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့၌ လာမည့် တနင်္လာနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။
၂၀၁၀ နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ပြီးနောက် EU ဘက်က မြန်မာအပေါ် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို နောက်ထပ် တနှစ် သက်တမ်းတိုးခဲ့ေသော်လည်း ခရီးသွားလာရေးနှင့် ပိုင်ဆိုင်မှု ထိန်းချုပ် ထားခြင်းကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်စေရေး အတွက် EU ဘက်က နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တို့ကို တောင်းဆိုထားသည်။
“ဒဏ်ခတ်မှု မရုပ်သိမ်းခင် လုပ်ရမှာတွေ ရှိတယ်။ ထောက်ခံ အားပေးတာကတော့ ပထမဆုံးခြေလှမ်းဖြစ်နိုင်တယ်။ ပြီးမှ ဒဏ် ခတ် မှု ရုပ်သိမ်းနိုင်တယ်”ဟု အမည်မဖော်လိုသူ EU သံတမန်တဦးက ပြောသည်။
လတ်တလောအနေဖြင့် EU က ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားမှုကို ကနဦးဖယ်ရှားပေးခြင်း ပြုလုပ်နိုင်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံအပေါ် EU က ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အကြမ်း ဖက် ဖြိုခွဲခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။
EU ၏ ပိတ်ဆို့အရေးယူမှုများတွင် စစ်လက်နက်ပစ္စည်း ဝယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ၊ ပြည် ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများအတွင်း ခရီးသွားလာရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ ၏ ပိုင် ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။
၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုတွင် ရဟန်းသံဃာများ၊ ကျောင်းသားများနှင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ရက်စက်စွာဖြိုခွင်းခဲ့မှုပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့မှုများ ကို ပိုမိုတင်းကျပ်ခဲ့သည်။
EU နိုင်ငံတနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး Mr. Alain Juppe သည် မကြာသေးခင်က မြန်မာနိုင်ငံသို့သွား ရောက်၍ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့ပြီး ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပြော ဆိုခဲ့သည်။
EU ဒု ဥက္ကဌ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ် ကူးပါးနှင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တို့သည်လည်း ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်၂ ကြိမ်တိုင် တွေ့ဆုံခဲ့ကြသည်။
မကြာသေးခင်ကပင် သြစတေးလျ နိုင်ငံကလည်း မြန်မာအပေါ် စီးပွားရေးအရေးယူမှုကို လျှော့ပေါ့ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် နောက်ပြန်မလှည့်နိုင်သော ပြုပြင်ပြောင်းလဲရေးကို ဦးတည်သွားနေသည့်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကလည်း တိုက်တွန်းကြောင်း ယမန်နေ့ က AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ဗြီတိသျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံ ဟိတ် ကမူ ဒဏ်ခတ် ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာဘက်က လုပ်ဆောင်စရာရှိသည်များကို ပြုလုပ်ရန် တောင်းဆိုခဲ့သည်။