တရုတ်ပြည်အတွင်းရှိ ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုကို တရုတ်ပြည် အာဏာပိုင်းများက အဓမ္မ ဖယ်ရှားခိုင်းနေသည်ဟု သိရသည်။
အဆိုပါ စခန်းများသည် တရုတ်ပြည် အတွင်းပိုင်းရှိ ရန်လူး စခန်းနှင့် လောင်းဖိုင်းစခန်းတို့ ဖြစ်ပြီး ကူးစက်ရောဂါကြောင့်
ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ကချင်စစ်ပြေး ဒုက္ခသည်စခန်း တာဝန်ခံ ဦးဇော်လတ်က ဧရာဝတီသို့ ပြောသည်။
“ဇူလိုင် ၇ ရက်မှာ အပြီးပြောင်းခိုင်းတယ်။ စခန်းမှာလည်း ကူးစက်ရောဂါတွေ ဖြစ်ပြီး ကလေးတယောက် အပါအဝင်
ကွယ်လွန်သွားတဲ့ သူတွေရှိတယ်။ အခုတလော တရုတ်ရဲနဲ့ တရုတ် လဝက က အမြဲတမ်းလိုလို လာပြီး ပြောနေတယ်။ ကျနော့် အနေနဲ့ရော စခန်းမှာ နေတဲ့သူတွေ အနေနဲ့ပါ ဘယ်သူမှ မပြောင်းချင်ကြဘူး” ဟု ၎င်းက ဆိုသည်။
ယခုအခါ မိုးရာသီ ဖြစ်နေသဖြင့် စခန်း ပြောင်းရွှေ့ရမည့်အရေး အခက်အခဲရှိနေကြောင်း၊ စခန်းပြန်လည် တည်ဆောက် ရေးမှာလည်း မလွယ်ကူကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရမည့် အရေးနှင့် ပတ်သက်၍ စစ်ပြေးဒုက္ခသည်များ စိတ်ဒဏ်ရာ ရမည်ကို
စခန်း တာဝန်ခံများက စိုးရိမ်နေကြကြောင်း သိရသည်။
“စခန်းမှာ အခန်းတွေကလည်း ကျဉ်းတော့ ကျန်းမာရေးအတွက် ချို့တဲ့ကြတာပေါ့။ အခုဆိုရင် အဲဒီ စခန်းနှစ်ခုက လူတွေထဲက နေထိုင်မကောင်းလို့ မူဆယ်ဘက်မှာ ဆေးကုခံပြီး ဆုံးသွားတဲ့ သူတွေရှိတာကို တရုတ်ဘက်က ကြားသွားလို့လား မသိဘူး၊ ကူးစက်ရောဂါတွေ တရုတ်ပြည်ဘက် ကူးလာမှာကို ကြောက်တဲ့အတွက် ပြောင်းခိုင်းတယ်လို့ ထင်တာပဲ” ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်မလိန်လုက ပြောသည်။
စစ်ပြေးဒုက္ခသည်များ နေထိုင်သည့် အခန်းတခန်းလျှင် ၈ ပေ ပတ်လည်သာ ရှိသော်လည်း မိသားစုဝင် ၆ ဦး၊ ၇ ဦးခန့် နေထိုင်ရကြောင်း သိရသည်။
တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
ရန်လူးစခန်းတွင် လူဦးရေ ၁၄၀၀ ကျော်နေထိုင်ပြီး လောင်းဖိုင် စခန်းတွင် လူဦးရေ ၇၀၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိ သေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးချေ။