ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက စည်းကမ်းချိုးဖောက်သည်ဟု ဆိုကာ ပိတ်ပင်ထားသော The Voice Weekly နှင့် Envoy သတင်းဂျာနယ်နှစ်စောင်ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ဝေခွင့်ပြုမည် ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ယနေ့ ပြောဆိုလိုက်သည်။
အဆိုပါ ဂျာနယ် နှစ်စောင်ကို နှစ်ပတ်သာပိတ်ပင်ခြင်း ဖြစ်ကြောင်းနှင့် ပြန်လည် ထုတ်ဝေခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စာပေစိစစ်ရေး ရုံးတွင် သတင်းဂျာနယ်နှစ်စောင်မှ အယ်ဒီတာအဖွဲ့များကို ခေါ်ယူတွေ့ဆုံ၍ ဦးတင့်ဆွေက ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Envoy ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။
“မွန်းလွဲ ၃ နာရီမှာ အယ်ဒီတာအဖွဲ့တဖွဲ့လုံးကို ခေါ်တွေ့တယ်။ သူတို့ပြောတာကတော့ သူတို့လည်း မပိတ်ချင်ဘူး၊
အထက်က အဆင့်ဆင့် ညွှန်ကြားချက်ကြောင့် ပိတ်ရတာပါ၊ အခု ပြန်ဖွင့်ပေးပါတယ်၊ အဲဒါကြောင့် ဒီသြဂုတ်လလယ်မှာ ပြန်ထုတ်လို့ရပါပြီ။ သူတို့နဲ့လည်း ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ပါ ဆိုပြီး ပြောတာပါ” ဟု ဦးတင့်ဆွေနှင့် သွားရောက် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ Envoy ဂျာနယ် အယ်ဒီတာက ရှင်းပြသည်။
ဦးတင့်ဆွေက The Voice Weekly မှ အယ်ဒီတာများနှင့်လည်း တွေ့ဆုံပြီး ဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ပြုကြောင်း
ပြောကြားလိမ့်မည်ဟု ၎င်းက ဆိုသည်။
ဂျာနယ်နှစ်စောင် ပြန်လည်ထုတ်ဝေခွင့် ပြုကြောင်း တရားဝင် ညွှန်ကြားချက် ရုံးစာများကို သြဂုတ်လ ၇ ရက်နေ့တွင် ဂျာနယ်တိုက် များသို့ စာပေစိစစ်ရေးမှ ပေးပို့မည်ဟု ပြောဆိုကြောင်းလည်း သိရှိရသည်။
The Voice Weekly ၏ facebook စာမျက်နှာတွင်မူ လာမည့် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ပြီး ဂျာနယ် ပြန်လည် ထုတ်ဝေတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
သတင်းဂျာနယ်နှစ်စောင် အကန့်အသတ်မရှိ ပိတ်ပင်ခံရမှုအပေါ် သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) က လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ စာပေစိစစ်ရေးက ပြန်လည်ခွင့်ပြုခြင်း ဖြစ်သည်။