အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။
ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်နဝါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။
“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။
ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။ ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။
ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။
“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။
လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူလိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။
“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှာပေါ့။ တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။