တနိုင်ငံလုံးရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်း များထံမှ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု အချက်အလက်များကို လစဉ်ကောက်ခံသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး စီမံကိန်းဦးစီးဌာနမှ ကျန်းမာရေး သတင်းအချက်အလက် ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူထံမှ သိရသည်။
“ပုဂ္ဂလိကဆေးရုံရဲ့ အခန်းကဏ္ဍက တော်တော် အရေးပါတယ်။ အစက အစိုးရဆေးရုံတွေပဲ ရှိတော့ တနိုင်ငံလုံးရဲ့ ကျန်းမာရေး အခြေအနေကို လိုချင်ရင် ဒီက ကျန်းမာရေး စစ်တမ်းတွေ လစဉ်ကောက်ယူမှုကနေ ကြည့်လိုက်လို့ရတယ်။ အခုအချိန်မှာကျတော့ ဒီလိုလုပ်တာနဲ့ တနိုင်ငံလုံးကိုခြုံငုံပြီး မသိနိုင်တော့ဘူး။ နိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ လိုအပ်ချက်တွေ ဘာတွေရှိလဲ သေသေချာချာ တိတိကျကျ သိဖို့လိုလာပြီ။ ဒီအတွက် စာရင်း ကောက်ယူတာပါ” ဟု ဒေါက်တာ သက်သက်မူက ပြောသည်။
စာရင်း ကောက်ယူမှုတွင် ပုဂ္ဂလိကဆေးရုံများမှ ရသည့် အချက်အလက်များ၊ အစိုးရ ဆေးရုံများမှ ကောက်ယူသော အချက်အလက်များ စသည်ဖြင့် သီးခြား မှတ်သားထားမည်ဖြစ်ပြီး ၎င်းအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားမည် ဖြစ်ကြောင်း၊ တနိုင်ငံလုံး၏ ကျန်းမာရေး အချက်အလက်များကို ဖော်ပြရာတွင် စာရင်းဇယားများသာ ထုတ်ပြန် သွားမည်ဖြစ်ပြီး လူနာ၏ ကိုယ်ရေးအချက်အလက်နှင့် ဆေးရုံ၏ အချက်အလက်များကို ထုတ်ပြန် သွားမည်မဟုတ်ကြောင်း သိရသည်။
“ကောက်ယူမှုမှာက ယေဘုယျဆိုပြီး နှစ်မျိုးကောက်မှာပါ။ အတွင်းလူနာတွေ အတွက် တခု၊ ပြင်ပလူနာတွေအတွက် တခုကောက်သွားမယ်။ နောက် ဆေးရုံတွေကနေ ဘယ်ရောဂါအဖြစ်များလဲ ဆိုတာတွေ ကောက်ယူသွားမယ်။ ဘာရောဂါတွေ လာကုတာ များသလဲ၊ ဒါတွေ ကောက်ယူ သွားမှာပါ။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့လည်း စာရင်း ကောက်မယ်။ ဆေးရုံက လူနာတဦးအတွက် ဘယ်အတိုင်းအတာ အထိ ဝန်ဆောင်မှု ပေးရလဲ၊ သွေးစစ်တာက အစ ကောက်ယူသွားမှာပါ” ဟု ဒေါ်သက်သက်မူက ပြောသည်။
၁၉၆၂ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အစိုးရ ဆေးရုံများတွင် အဆိုပါ ကျန်းမာရေး အချက်အလက်များ လစဉ် ကောက်ယူ ခဲ့ကြောင်း၊ ပုဂ္ဂလိက ဆေးရုံပိုင်းကိုမူ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စမ်းသပ် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“စမ်းသပ်အနေနဲ့ ကောက်ခံမှု အပိုင်းကတော့ ၂၀၁၃ ဇန်နဝါရီမှာ ဆေးရုံ ၂၅ ရုံက စာရင်းတွေ ပေးထားတယ်၊ နောက် ဖေဖော်ဝါရီမှာက ဆေးရုံ ၂၀ က စာရင်းတွေ ပေးထားပါတယ်” ဟု ဒေါ်သက်သက်မူက ဆက်ပြောသည်။
အချက်အလက် စာရင်း ကောက်ယူမှုတွင် အခက်အခဲ ရှိနိုင်သည့် အတွက် ကျန်းမာရေးဌာနမှ ပုဂ္ဂလိက ဆေးရုံများကို သင်တန်းများ ပေးသွားရန် စီစဉ်ထားကြောင်း၊ ဖောင်များ ဖြည့်စွက်နိုင်ရန် အတွက် လမ်းညွှန်စာအုပ်များ ထုတ်ဝေမည် ဖြစ်ကြောင်း၊ ယင်းစာအုပ်များကို တနိုင်ငံလုံးရှိ မှတ်ပုံတင်ရပြီးသား ပုဂ္ဂလိက ဆေးရုံများကို ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။
WHO (World Health Organization) က သတ်မှတ်ထားသည့် ကောက်ယူမှုပုံစံနှင့်အညီ စာရင်းကောက်သွားမည် ဖြစ်ကြောင်း၊ ယင်းပုံစံတွင် စာအုပ် ၃ အုပ်ကို ပုံစံတခု သတ်မှတ်ပြီး ယင်းပုံစံတခု၏ လက်ရှိပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၂၅၀ ခန့်ရှိကြောင်း၊ သို့သော် ဈေးသက်သာစေရန် WHO နှင့် ညှိနှိုင်းနေကြောင်း ဒေါ်သက်သက်မူက ပြောသည်။
“လူနာလုံခြုံရေးအတွက် သူတို့ဘက်က လုပ်ပေးတာနဲ့တင် အဆင်ပြေပါ့မလား ဆိုတာ မေခွန်းထုတ်စရာတွေ ဖြစ်နေတယ်။ဒီလိုစစ်ဆေး ကောက်ယူမှုက ဘယ်လောက်အထိ လုံခြုံမှုရှိမလဲ၊ ဒီအချက်တွေက အဓိကကျပါတယ်။ ဆေးရုံတွေမှာက လူနာရဲ့ ခွင့်ပြုချက်မရဘဲ သူ့ရဲ့ အကြောင်းကို ထုတ်ပေးခွင့်မရှိဘူး။ ဒီလိုဟာတွေကို အာမခံနိုင်ရင် ကောင်းမယ်” ဟု လိုင်စင်ရ ပုဂ္ဂလိက ဆေးရုံတရုံမှ ဆရာဝန် တဦးက ဆိုသည်။
တနိုင်ငံလုံးတွင် မှတ်ပုံတင်ထားပြီး လိုင်စင်ရထားသည့် ပုဂ္ဂလိက ဆေးရုံပေါင်း ၁၆၇ ရုံရှိပြီး အစိုးရဆေးရုံပေါင်း ၁၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။