ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ညက ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ နယ်စပ်ဒေသ မူဆယ်မြို့သို့ ကူးစက် လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
ပဋိပက္ခ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နယ်စပ်ဒေသ မူဆယ် – ကျယ်ဂေါင် အဝင်ဂိတ်များနှင့် ခိုးပေါက် ဂိတ်များ အားလုံးကို တရုတ် ကွန်မန်ဒို တပ်များ ချထားပြီး မူဆယ်မြို့ထဲတွင် အစ္စလမ် ဘာသာဝင်များ၏ ဆိုင်ခန်းများအား ပိတ်ခိုင်းထားကြောင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်နေ စိုင်းအိုက်စံက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မူဆယ်မြို့မှာတော့ တော်တော် ငြိမ်နေတယ်။ ဘယ်သူမှ အပြင်မထွက် သလောက်ပဲ။ အစ္စလမ် ဘာသာဝင်တွေ ကတော့
အထုပ်တွေနဲ့ ဘယ်သွားကြလဲ မသိဘူး။ တရုတ်ပြည်မှာတော့ အဝင်ရော၊ အထွက်ပါ သူတို့ကို ပိတ်လိုက်ပြီ” ဟု စိုင်းအိုက်စံက ဆိုသည်။
ယမန်နေ့ည ၁၁ နာရီ ခန့်က မူဆယ်မြို့ ၄၅ ရပ်ကွက်ရှိ အစ္စလမ် ဘာသာဝင် စာသင်ကျောင်း အနီးတွင် သုံးဘီးဆိုင်ကယ် အစီး သုံးဆယ်ခန့်နှင့် တုတ်၊ ဓားများ ကိုင်ဆောင်ကာ စာသင်ဆောင်ကို ဖျက်ဆီးရန် ကြိုးစားကြကြောင်း၊ ယင်းရပ်ကွက် လူကြီးနှင့် ပြည်သူများ အချိန်မီ တားဆီးနိုင်သည့် အတွက် ပဋိပက္ခ မဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဆိုရင် ဆိုင်တွေလည်း အစောကြီး ပိတ်နေရတယ်။ နယ်စပ်ဒေသ ဖြစ်တဲ့အတွက် ပိုကြောက်ရတယ်။ ဒီကြားထဲ လူဆိုးတွေက ရှိသေးတယ်။ ဒါပေမယ့် အဲဒီလိုပဋိပက္ခ ဖြစ်လာဖို့ ခက်မယ်ထင်တယ်။ ဒီမှာကလည်း လက်နက်ကိုင်
တပ်ဖွဲ့တွေ ရှိတယ်လေ။ လုံခြုံရေးကတော့ ကိုယ့်ဟာကိုယ် ယူရမှာပေါ့” ဟု မူဆယ်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တဦးက ဆိုသည်။
လားရှိုး မြို့တွင် ဖြစ်ပွားသည့် ပဋိပက္ခကြောင့် လားရှိုး – မန္တလေး လမ်းပေါ်ရှိ နောင်မွန် – သီပေါ – ကျောက်မဲ လမ်းဘေး ဆိုင်များကို ဖျက်ဆီးထားကာ လာရှိုး – မန္တလေး လမ်းတလျှောက် အခြေအနေ မငြိမ်သက်ကြောင်း လားရှိုးမှ မန္တလေးသို့ ပြန်သည့် အမျိုးသမီးတဦးက ပြောသည်။
လားရှိုး ပဋိပက္ခနှင့် ပတ်သတ်ပြီး လားရှိုး သာသနာ့ ဗိမ္မာန်တွင် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်ထောင်စု သာသနာ့ ဝန်ကြီး ဦးဆန်းတင့်၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ သံဃာတော်များ၊ လူမှုရေး အဖွဲ့အစည်း ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ တွေ့ဆုံကာ ယင်းပြဿနာကို ပူးပေါင်း ဖြေရှင်းရန် ဆွေးနွေးတိုင်ပင် ကြကြောင်း သိရသည်။
ယင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စု သာသနာ့ ဝန်ကြီး ဦးဆန်းတင့်က “သာမန် ရောင်းဝယ်မှုကနေ နောက်ခံပြီးတော့မှ
ဖြစ်တာပါ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကို ဘာသာပေါင်းစုံ အနေနဲ့ သတိပြုသင့်ပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး” ဟု ပြောကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် လားရှိုးမြို့ အထက်တန်း ရှေ့နေ ဦးသောင်းလွင်က ဧရာဝတီသို့ ပြန်လည် ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့ မေ ၂၈ ရက်နေ့ ညနေက အမျိုးသမီးတဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုမှ စတင်ကာ အဓိကရုဏ်း အသွင် ဖြစ်ပွားခဲ့ပြီး ဗလီကျောင်း တကျောင်း၊ မွတ်စလင် မိဘမဲ့ကျောင်း တကျောင်းနှင့် ဆိုင်ခန်းများ မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
လားရှိုးအခြေစိုက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက မီးရှို့ ဆူပူ အကြမ်းဖက်သူများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ပြောဆိုခဲ့သည်။
ဘာသာရေး အဓိကရုဏ်းများ ရခိုင်ပြည်နယ်တွင် ယမန်နှစ်က စတင်ဖြစ်ပွားခဲ့ပြီး မြန်မာပြည် အလယ်ပိုင်း မိတီ္ထလာသို့ ယခုနှစ် မတ်လတွင် ကူးစက် ပြန့်ပွားလာခဲ့၍ ရန်ကုန်တိုင်း ဥက္ကံမြို့တွင်လည်း မေလအတွင်းက အဓိကရုဏ်းတခု ဖြစ်ပွားခဲ့သေးသည်။