ကချင်ပြည်နယ်လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံတွင် လက်ရှိတပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှု အောက်တွင် ထားရှိရေး ဆိုသော အချက် အပါအဝင် ဘုံ မူဝါဒ သဘောတူညီချက်များ ချမှတ် လိုက်ပြီ ဖြစ် ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံနောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ တပ်မတော် သည် ပြည်ထောင်စု ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ရန်၊ တပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အဖြစ် အသွင်ပြောင်းရေး၊ တပ်မတော်နှင့် ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသည့် ရဲတပ်ဖွဲ့ ကို ခွဲခြားထားရေး ဆိုသော မူဝါဒ အပါအဝင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး မူဝါဒများ ပေါ်ထွက်လာကြောင်း သိရှိရသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံ၊ မခံဆိုတာတော့ မပြောနိုင်သေးဘူး။ သူတို့ပေါ်မှာ မူတည်တာပေါ့။ လက်ခံဖို့ နီးစပ်မှု ရှိမယ်ထင်ပါတယ်။ တပ်မတော်ဘက်ကလည်း အလျှော့အတင်း လုပ်ပြီး စကားပြောမယ်လို့ ထင်တယ်။ ဘယ်သူကိုမှ ဖယ်တာလည်း မရှိဘူး။ သိပ်အကျပ်အတည်း ရှိမယ်မထင်ပါဘူး။ တပ်မတော်က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ် ဆိုတဲ့အချက်ပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားတွေ ဘယ်လောက် ပါရမယ်ဆို တဲ့အချက် ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အသေးစိတ် ဆွေးနွေးမှာပါ”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့သော လိုင်ဇာတိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား အများစု သဘောတူသည့် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဘုံမူဝါဒ သဘောတူညီချက်များ ရေးဆွဲ နိုင်ခဲ့ပြီး အဆိုပါသဘောတူညီချက်များသည် အစိုးရက ချပြသော အချက် ၁၅ ပါ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က ထုတ်ပြန် ထား သည့် မူကြမ်း အပါအဝင် မူကြမ်း ၃ခုကိုအခြေပြုရေးဆွဲခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား တပ်ပေါင်းစု၏ ဘုံမူဝါဒ သဘောတူညီချက်များတွင် ခေါင်းစဉ်ကြီး ၉ခု ပါဝင်ပြီး အဆိုပါမူဝါဒများကို လာမည့် နိုဝင်ဘာလဆန်းပိုင်း မြစ်ကြီးနားတွင် ကျင်းပမည့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ဆွေးနွေးပွဲတွင် ချပြ ဆွေးနွေး မည်ဖြစ်ကြောင်း၊ အဆိုပါ ဘုံမူဝါဒသဘောတူညီချက်များကို အစိုးရက လက်မခံပါက တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ တွင် တိုင်းရင်းသားအဖွဲ့များအားလုံး လက်မှတ်မထိုးရန် သဘောတူထားကြောင်း၊ အစိုးရနှင့် ညှိနှိုင်းမည့် တိုင်းရင်းသား ပေါင်းစုံကိုယ်စားပြုအဖွဲ့ Nation Wide Cease-Fire Coordination Team (NCCT) ကို လည်း ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက ၄ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် တိုင်းရင်းသား များက တောင်းဆိုကြပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးမီ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင် မည် ဆိုသော တိကျ သည့် ကတိစကားများ ရယူသွားရန်ရှိပြီး နိုင်ငံ့ ခေါင်းဆောင် ၅ ဦးက နိုင်ငံတကာ ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား အဖွဲ့များ၏ ကိုယ်စားလှယ်များ ရှေ့တွင် ကတိကဝတ်ပြုရမည် ဖြစ်ကြောင်း သိရှိရသည်။
“သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရားသူကြီးချုပ်တို့ ကတိကဝတ် ပြုပေးပြီးမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှာပါ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။