ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံက ချမှတ်လိုက်သော အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံမူဝါဒ သဘောတူညီချက်များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်မှတ်မထိုးဟု သတင်းရရှိသည်။
RCSSသည် တိုင်းရင်းသားပေါင်းစုံ၏ဘုံသဘောတူညီချက်ကိုလက်မှတ်ထိုးခြင်း မရှိသကဲ့သို့ လိုင်ဇာညီလာခံက ဖွဲ့စည်းလိုက်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံကိုယ်စားပြုမည့် အဖွဲ့Nation Wide Cease-Fire Coordination Team (NCCT)ဖွဲ့စည်းရေးတွင်လည်း RCSS ကိုယ်စားလှယ် ထည့်သွင်းခြင်းမရှိဟု သိရှိရသည်။
RCSS မှ ဗိုလ်မှုးကြီးစိုင်းလှက “ခုချိန်ထိ ဘယ်ကော်မတီထဲမှာမှ မပါသလို လက်မှတ်ထိုးတဲ့အထဲမှာလည်းမပါဘူး။ ဒါကအဖွဲ့ မှာရှိတဲ့ပေါ်လစီပိုင်းကြောင့်ပါ။ ဘုံသဘောတူညီချက်ကို လက်မခံနိုင်တာတော့ မဟုတ်ပါဘူး။ ဒီသဘော တူညီချက်တွေကို တဦးတယောက် အနေနဲ့လက်ခံလို့မရလို့ပါ။ အဖွဲ့အနေနဲ့ ပြောမှသာရမှာပါ။ ဒီတော့ ဘုံသဘောတူညီ ချက် ကိုလည်းလက်မှတ်မထိုးသလို ဒီညီလာခံကနေဖွဲ့တဲ့ကော်မတီမှာလည်း ကိုယ်စားပြုပါဝင်ဖို့ လူမထည့်တာပါ”ဟု
ပြောသည်။
သို့ရာတွင် လိုင်ဇာညီလာခံ တက်ရောက်လာသည့် RCSSမှ အဖွဲ့ဝင်လည်းဖြစ်၊ Euro-Burma Office ၏ တာဝန်ရှိသူ လည်းဖြစ်သူ ဦးဟန်ညောင်ဝေ ကမူ ငြိမ်းချမ်းရေး အသိသက်သေတဦး အနေဖြင့် လိုင်ဇာညီလာခံ တိုင်းရင်းသားပေါင်းစုံ ဘုံသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
“RCSSအဖွဲ့က လိုင်ဇာညီလာခံ သဘောတူညီချက် အကုန်လုံး သဘောတူပေမယ့် အဖွဲ့ပေါ်လစီ အရတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမှာမို့ပါ။ ဒါကြောင့်မို့ လက်မှတ် မထိုးတာပါ။ ဒီတိုင်းရင်းသားပေါင်းစုံ ဘုံသဘောတူညီချက်ကို ထောက်ခံသလို၊
ဒီသဘောတူညီချက်ကို လိုက်လံရှင်းပြဖို့ဖွဲ့ထားတဲ့အဖွဲ့အပေါ်မှာ လည်း ထောက်ခံမှုရှိပါတယ်”ဟု ဦးဟန်ညောင်ဝေက ဆိုသည်။
လိုင်ဇာညီလာခံ သဘောတူညီချက်တွင် အခြေခံမူများချမျတ်ရေး၊ ရည်ရွယ်ချက်များ၊ ၊ နှစ်ဖက်လက်ခံနိုင်သည့် လမ်းပြ မြေပုံ၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ စတင်အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ မတရားအသင်းပယ်ဖျက်ရေး၊ ဆွေးနွေးကာလအစီအစဉ်၊ ၊လက်မှတ်ရေးထိုးခြင်း၊ ပြန်လည်ထူထောင်ရေး နှင့်
အထွေထွေအချက်များ ပါဝင်ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံတွင် တိုင်းရင်းသားအဖွဲ့ ၁၈ဖွဲ့ တက်ရောက်ခဲ့ပြီး သဘောတူညီချက်တွင် RCSS မှ အပ ကျန် အဖွဲ့ ၁၇ ဖွဲ့ လက်မှတ် ရေးထိုးခဲ့သည်။
ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ ဆလိုင်းဆန်မုန်းဆာခေါင်းက “RCSSက သူတို့အဖွဲ့စည်းမျဉ်း ကြောင့် လက်မှတ် မထိုးတာပါ။ ကျန်တဲ့အပိုင်းကိုတော့ သူတို့လက်ခံပါတယ်။ ဒီစည်းဝေးပွဲကအောင်မြင် တဲ့စည်းဝေးပွဲပါ”ဟုပြောသည်။
လိုင်ဇာညီလာခံတွင် လေ့လာသူအဖြစ်တက်ရောက်သူ ဦးအောင်ကျော်ဇောက “ပြောရရင် ဆွေးနွေးမှုကို သိပ်အားရမှု မရှိဘူး။ တိုင်းရင်းသားတွေကဒီထက်အစိုးရကို ခိုင်မာတဲ့တောင်းဆိုမှုတွေ ရှိသင့်တယ်။ ခုက အစိုးရ ချပေးတဲ့ဟာ အပေါ်မှာပဲ လိုက်ပြီးလုပ်နေတယ်။ နောက်တိုင်းရင်းသားတွေက ညီညွှတ်ဖို့ ပြောနေပေမယ့် ညီညွှတ်ဖို့ လိုအပ်နေသေး တယ်” ဟု သုံးသပ်သည်။
လိုင်ဇာညီလာခံ တက်ရောက်ခြင်းမရှိသည့် “ဝ” တပ်ဖွဲ့(UWSA ) နှင့် မိုင်းလားအဖွဲ့( NDAA)တို့ထံသို့ တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုကော်မတီ (NCCT)မှ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပြီး ညီလာခံ သဘောတူညီချက်များ ရှင်းပြမည် ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုကော်မတီ Nation Wide Cease-Fire Coordination Team (NCCT)အဖွဲ့ကို လိုင်ဇာညီလာခံ နောက်ဆုံးရက် နိုဝင်ဘာ ၂ရက်နေ့တွင် ဖွဲ့ စည်းလိုက်ပြီး လတ်တလော တိုင်းရင်းသားအဖွဲ့ ၁၃ခု မှ ကိုယ်စားလှယ်တဦးစီ ပါဝင်ကြောင်း၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဦးနိုင်ဟံသာက အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဖဒိုစောကွယ်ထူးဝင်းက ဒုတိယခေါင်းဆောင်၁ အဖြစ်လည်းကောင်း၊ ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်က ဒုတိယခေါင်းဆောင်၂ အဖြစ် လည်းကောင်း တာဝန်ယူထားကြောင်း၊ အစိုးရနှင့် ငြိမ်ချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး အတွက် ယင်းကော်မတီက တိုင်းရင်းသားများအဖွဲ့များကို ကိုယ်စားပြု ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။