မြန်မာ့အနုပညာ လောကတွင် ကိုယ်ပိုင်သံစဉ် ထူးချွန်ပြောင်မြောက်စွာ ဖန်တီးနိုင်ခဲ့သည့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ နာမည်ကြီး လိဒ်ဂစ်တာသမား အကယ်ဒမီ သုံးထပ်ကွမ်း ဂီတမှူး ဇော်မျိုးထွဋ် (အသက် – ၅၄ နှစ်) သည် ဇန်နဝါရီ ၅
ရက် ည ၈ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့၌ ရုတ်တရက် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
နာမည်ကျော် အကယ်ဒမီ စန္ဒရားလှထွတ်၏ သားဖြစ်သူ ဂီတမှူးဇော်မျိုးထွဋ်သည် သူ၏ဖခင် ဆုံးပါးသွားသောနေ့ ၁၄ နှစ် တင်းတင်း ပြည့်သည့်နေ့တွင်ပင် တိုက်ဆိုက်စွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ဂီတမှူး ဇော်မျိုးထွဋ်သည် မကွယ်လွန်မီက နှလုံးနှင့်ပတ်သက်၍ ထူးထူးခြားခြား ရောဂါလက္ခဏာ ပြသခြင်းများ မရှိခဲ့ဘဲ သေဆုံးခါနီးအထိ အမောဖောက်သည်ကိုပင် အဆုတ်ကြောင့် ရင်ကြပ်သည် ဟုထင်ကာ ဆေးခန်းသွားပြရန်
ကားမောင်းသွားစဉ် လမ်းတွင် Heart Attack ရကာ ဆုံးပါးသွားခြင်း ဖြစ်သည်ဟု ၎င်း၏ မိသားစုထံမှ သိရသည်။
“အဖေက အဲဒီနေ့က ထူးထူးခြားခြားပဲ။ ခါတိုင်းသာမန် နေမကောင်း ဖြစ်တာလောက်ဆို အမေ့ကို မခေါ်ဘဲ တယောက်တည်း ဆေးခန်းသွားတယ်။ အဲဒီနေ့က အမေ့ကိုတောင် စ နောက်ပြီး ဆေးခန်း ခေါ်သွားတာ။ ဆေးခန်းမသွားခင် မုန့်ဝင်ဝယ်ရင်း လမ်းမှာ အမောဖောက်လာလို့ ရင်ကြပ်တယ်ထင်ပြီး ကျနော့်မိန်းမ (ဆရာဝန်) ဆီ ဆေးထိုးမယ်ဆိုပြီး အိမ်ကိုပြန်အလာ
အကွေ့လေးနားမှာ ခေါင်းထိုး ရပ်ပြီး ဖြစ်သွားတာ။ နှလုံးရောဂါကြောင့်ဆိုတာ ရင်ခွဲရုံကနေ ဘော်ဒီထုတ်ပြီး ဆရာဝန်ရဲ့ ပြောပြချက် အရသိရတာပါ” ဟု ၎င်း၏ သားငယ်ဖြစ်သူ ကိုလမင်းထွဋ်က ဆိုသည်။
ဦးဇော်မျိုးထွဋ် နှလုံးရောဂါ ရှိမရှိကို မိသားစုများအနေဖြင့် မသိရှိခဲ့ကြောင်း၊ ဦးဇော်မျိုးထွဋ် ကိုယ်တိုင်ပင် နှလုံးနှင့် ပတ်သက်သည့် ရောဂါ စစ်ဆေးချက်များ ပြုလုပ်လေ့မရှိဘဲ အသည်း၊ အဆုတ်တို့နှင့် ပတ်သက်သည်များကိုသာ မှန်မှန် စစ်ဆေးဖြစ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြသည်။
ဦးဇော်မျိုးထွဋ်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ဇန်နဝါရီလ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေး သုဿန်တွင် သူ၏ဖခင် စန္ဒရားလှထွတ် သေဆုံးခဲ့စဉ်က သင်္ဂြိုဟ်ခဲ့ သကဲ့သို့ ဂူသွင်းသင်္ဂြိုလ်မည် ဖြစ်သည်ဟု သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်သည့် ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲတွင် ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဂီတသရုပ်ဖော်ဆုအား “မွေခံထိုက်သူ ဖြစ်ပါစေ” ဇာတ်ကားဖြင့် အကယ်ဒမီရရှိသူသွားသူ ဂီတမှူး ဝင်းကိုအား ကိုယ်တိုင် ဆုချီးမြှင့် ပေးခဲ့သေးသည်။
ယင်းကဲ့သို့ အကယ်ဒမီ ဆုပေးပွဲတွင် ဆုချီးမြှင့်ပေးခြင်းသည် ဦးဇော်မျိုးထွဋ်အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း
အကယ်ဒမီ ဆန်ခါတင် စာရင်းတွင်ပါဝင်သူ ဖြစ်သောကြောင့် ဆုယူသူ အနေဖြင့်သာ တက်ရောက်လေ့ ရှိသည်ဟု ကိုလမင်းထွဋ်က ဆက်ပြောသည်။
“အဖေ့ အနေနဲ့ ဒီလိုမျိုး ဆုချီးမြှင့်တာဟာ ပထမဆုံးအကြိမ်ပါ။ အဖေက ဆုချီးမြှင့်ဖို့မပြောနဲ့ စာတောင် တက်ပြီး ဖတ်တာ မဟုတ်ဘူး။ နှစ်တိုင်း သူများကို အားပေးရင်ပေး၊ ကိုယ်တိုင် တက်ယူရင်ယူ ဒီလိုပဲ အကယ်ဒမီပေးပွဲကို တက်ခဲ့တာ။ ဒီနှစ်မှာ ရုပ်ရှင် အစည်းအရုံးအဖွဲ့က အကူအညီတောင်းတော့ အဖေက တက်ပေးတာ။ အဖေတီးပေးထားတဲ့ မော်ကင်း ဥဒါန်းဆိုတဲ့
ဇာတ်ကားလည်း ပါပါတယ်။ ဒါပေမယ့် အကယ်ဒမီတော့ မရခဲ့ပါဘူး။ သူမရပေမယ့် တက်ချီးမြှင့်ခဲ့တယ်။ ကျနော်တို့အရမ်းကို ဂုဏ်ယူပါတယ်” ဟု ကိုလမင်းထွဋ်က ဆိုသည်။
ဦးဇော်မျိုးထွဋ်၏ မိတ်ဆွေဖြစ်သူ ပန်းရဲ့လမ်း အဖွဲ့မှ တေးရေး တေးဆို ကိုသားထွေးကလည်း ဦးဇော်မျိုးထွဋ် တိမ်းပါးသွားခြင်းသည် ဦးဆောင်သူ တဦး ဆုံးရှုံးသွားသည်နှင့် တူသည်ဟု ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့အဖွဲ့မှာ လူမရှိတဲ့ကြားကမှ ဦးဆောင်နိုင်တဲ့သူ တယောက် ဆုံးရှုံးသွားတယ်ပေါ့လေ။ ဦးရွက်ဦးဆောင် ပြုနိုင်တဲ့
လူတယောက် ဆုံးရှုံးသွားတဲ့အတွက် ရွက်မရှိတဲ့ သင်္ဘောကြီးလိုပဲ ခံစားရပါတယ်” သူက ဝမ်းနည်းစကား ပြောသည်။
မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့ဝင် တဦးဖြစ်သူ ဦးရဲလွင်ကလည်း “ကျနော်တို့က ဆိုးတူကောင်းဖက် ပေါင်းခဲ့ကြတယ်။ အခုနောက်ပိုင်းတော့ သိပ်မတွေ့ဖြစ်တာ ကြာပြီ။ အတွေ့လည်း နည်းသွားတာပေါ့လေ။ မနေ့က သတင်းကြားကြားချင်း တော်တော်လေး အံ့သြသွားတယ်။ ကိုယ့်အဖွဲ့သားတွေထဲက တယောက်က ကျော်တက်သွားပြီလေ ကိုယ့်ကို။ အဲဒီအတွက် အရမ်း ဝမ်းနည်းမိပါတယ်” ဟု ဧရာဝတီသို့ အမှတ်တရစကား ဆိုသည်။
ဂီတမှူး ဦးဇော်မျိုးထွဋ်သည် “မြင့်မြတ်နှလုံးသား”၊ “နေကမွေးတဲ့လ”၊ “ထာဝရအလင်းတန်းများ” စသည့် ရုပ်ရှင်ဇာတ်ကား များဖြင့် တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားပြီး ဖခင်အကယ်ဒမီ စန္ဒရားလှထွတ်ထံမှ စန္ဒရား အတီးပညာကို အမွေရထားသူတဦး ဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာထွေး၊ သားအကြီး ကိုနေလင်းထွဋ် (ခ) ရွှေထွဋ်နှင့် သားအငယ် ကိုလမင်းထွဋ်တို့ ကျန်ရစ်ခဲ့သည်။
“ကျနော်တို့ ဘဝမှာလည်း အဖေက အများကြီးကောင်းခဲ့တယ်။ သူပဲအနစ်နာခံတယ်။ သူပဲ ခေါင်းဆောင်ပြီး ဖြေရှင်းပေးခဲ့တယ်။ အမြဲ အရိပ်တကြည့်ကြည့် ကြည့်ခဲ့တယ်။ ကျနော်တို့အပေါ် အများကြီး တာဝန်ကျေပါတယ်” ဟု သားငယ်ဖြစ်သူ ကိုလမင်းထွဋ်က ဆိုသည်။