ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေး ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံတွေ မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ အရင်ကထက်
များလာပြီဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုကြိုးစားနေတဲ့ နိုင်ငံတွေအနေနဲ့ များပြားစုံလင်တဲ့ လူမှုယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေ၊ တိုင်းရင်းသား လူမျိုးစုံနေထိုင်နိုင်တဲ့ အခင်းအကျင်းတွေကို ဘယ်လိုဖန်တီးတည်ဆောက်ပေးမလဲ ဆိုတာ အသစ်တဖန် ပြန်လည် စဉ်းစားသုံးသပ်ဖို့က ဒီနေ့ခေတ်မှာ အရေးအကြီးဆုံး နိုင်ငံရေးတာဝန်တရပ် ဖြစ်ပါတယ်။
နိုင်ငံရေးအရတင် အရေးကြီးတာ မဟုတ်ဘဲ အတွေးအခေါ် အယူအဆပိုင်းအရရော၊ စည်းမျဉ်းစည်းကမ်း ချမှတ်ခြင်း အပိုင်းအရပါ အရေးကြီးပါတယ်။ အခုကျနော်တို့ နေထိုင်တဲ့ မျက်မှောက်ခေတ်တွင်း ပကတိနိုင်ငံရေး အခြေအနေတွေနဲ့ ကျနော်တို့ အမွေဆက်ခံထားတဲ့ ခေတ်ဟောင်း နိုင်ငံရေး အတွေးအခေါ် အသိအမြင်တွေကြားမှာ အတော်လေး ကွဲပြား ကွာဟလာတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း အသစ်တဖန်ပြန်လည် စဉ်းစားသုံးသပ်ဖိ့ု လိုလာတာဖြစ်ပါတယ်။
နိုင်ငံတခုရဲ့ နယ်မြေပိုင်နက် နယ်နိမိတ်မျဉ်းတွေနဲ့ အဲဒီနိုင်ငံအတွက် (ထင်မြင်ယူဆထားတဲ့) ယဉ်ကျေးမှု နယ်နိမိတ်မျဉ်းတွေက တထပ်တည်း ကျနေရမယ်လို့ ခေတ်ဟောင်း နိုင်ငံရေး အတွေးအခေါ်က ဆိုပါတယ်။ အဲဒီလို ဆိုထားတာကြောင့် နိုင်ငံတခုအတွင်းမှာ ယဉ်ကျေးမှုချင်း တူညီတဲ့ လူမျိုးတမျိုးပဲ ရှိနေရမယ်၊ ပါဝင်နေရမယ်လို့ နားလည်ရပါတယ်။ တမျိုးထက် ပိုလို့မရပါ။ နိုင်ငံတခုကို လူမျိုးတမျိုးနဲ့သာ ဖွ့ဲစည်းတည်ဆောက်ထားသင့်ပြီး လူမျိုးတိုင်းကလည်း နိုင်ငံတခုစီ ထူထောင်သင့်တယ်လို့ နားလည်ရပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာ လူမှုယဉ်ကျေးမှုတွေ များပြားစုံလင်တယ်ဆိုတာက ငြင်းလို့မရတဲ့ ပကတိအခြေအနေပါ။ အဲဒီလို အခြေအနေရှိတာကြောင့် လူမျိုးတမျိုး နိုင်ငံတခုဆိုတဲ့ သိမြင်နားလည်မှု ပျံ့ပွားသွားတာက နိုင်ငံရေးလမ်းကြောင်းကို လွဲသွားစေပါတယ်။ အန္တရယ်လည်း များစေပါတယ်။ အကြောင်းကတော့ အောင်မြင်သွားတဲ့ ဒီမိုကရေစီနိုင်ငံတွေက လူမျိုးတမျိုး နိုင်ငံတခုဆိုတဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာကြတာမဟုတ်ပါ။ မဖြစ်တဲ့ အကြောင်းကိုလည်း ဆက်ပြီးဆွေးနွေးပါမယ်။
လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေအားလုံးမှာ ယဉ်ကျေးမှုတွေ အတော်အသင့် စုံလင်များပြားပါတယ်။ ဒါပေမဲ့ နှိုင်းယှဉ်ရ လွယ်ကူအောင်လို့ နိုင်ငံတွေကို ၃ မျိုး ၃ စား ခွဲခြားလို့ ရတယ်ဆိုတာ ပြောနိုင်ပါတယ်။
(၁) ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အလွန်ကို များပြားစုံလင်တဲ့ ထွန်းကားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလို စုံလင်တဲ့
များပြားတဲ့အထဲမှာမှ တချို့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက သက်ဆိုင်ရာ နယ်မြေအလိုက် သီးခြားစီ စုဖွဲ့နေထိုြင်ကပါတယ်။
သူတို့အတွက် ထင်ရှားတဲ့ အုပ်စုတွေ အသီးသီးက နိုင်ငံရေး မျက်နှာစာတွေမှာ ညွန်းဆိုပြောကြားနေပါတယ်။ အမျိုးသားရေးဝါဒတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတဲ့ နာမည်တွေသုံးပြီး လွတ်လပ်ရေးအဆင့်အထိ ရောက်အောင်
အဲဒီ အုပ်စုခေါင်းဆောင်တွေက တွန်းအားပေး ပြောဆိုနေပါတယ်။
(၂) ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အတော်ကလေး များပြားစုံလင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှု
အုပ်စုတွေက နိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် စုဖွဲ့ထားတဲ့ အုပ်စုတွေအဖြစ် တည်ရှိနေကြတာ မဟုတ်ပါ။
အဲဒီအုပ်စုတွေက အမျိုးသားရေး စိတ်အခံနဲ့ လွတ်လပ်ရေးကို တောင်းဆိုနေတာတွေလည်း မလုပ်ကြပါ။
(၃) ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ တမျိုးတစားတည်းဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့်
လူမျိုးတမျိုးတည်းက နိုင်ငံတခုလုံးမှာ ထင်ရှား လွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိက လူမျိုးကြီးနဲ့
အပြိုင် အလားတူ ရပိုင်ခွင့်တွေတောင်းဆိုနေတဲ့ တခြားအုပ်စုတွေလည်း ထင်ထင်ရှားရှား မရှိကြပါ။
ပထမအုပ်စုမှာပါဝင်တဲ့ နိုင်ငံတွေကို “တိုင်းရင်းသားလူမျိုး စုံလင်များပြားတဲ့ Robustly multinational”
လူ့အဖွဲ့အစည်းတွေလို့ ခေါ်ဆိုပါတယ်။ ကနေဒါ (ကွီဘက်ပြည်နယ်ကြောင့်) စပိန် (ဘာ့စ်ခ် ကန်းထရီးနဲ့ ကာတာလိုနီးယား
ဒေသတွေကြောင့်) ဘယ်လ်ဂျီယမ် (ဖလန်းဒါး ဒေသကြောင့်) တွေက ပထမအုပ်စုမှာ ပါဝင်ပါတယ်။ ကက်ရှ်မီးယား တောင်ကြားဒေသ ရှိနေတာကြောင့်နဲ့တင် အိန္ဒိယနိုင်ငံလည်း အဆိုပါ အုပ်စုမှာ အကျုံးဝင်သွားပါတယ်။ ပန်ဂျပ်ပြည်နယ်မှာ ဆစ်ခ်လူမျိုး ဦးဆောင်တဲ့ ခါလီစတန်လှုပ်ရှားမှု၊ အရှေ့မြောက်ဒေသမှာ မီဇိုလှုပ်ရှားမှု ရှိနေတာကြောင့်၊ တောင်ဘက်ပိုင်းမှာ ဒြာဗီဒီယန် ခွဲထွက်ရေး လှုပ်ရှားမှု ရှိနေတာကြောင့် အိန္ဒိယနိုင်ငံရေးစနစ်မှာ တိုင်းရင်သားလူမျိုး
များပြားစုံလင်တဲ့ ဒိုင်မေးရှင်း ရှိနေတယ်လို့ ပိုပြီးခိုင်ခိုင်မာမာ ပြောလို့ရသွားပါတယ်။
ဆွစ်ဇာလန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကတော့ လူမှုရေး အနေအထားအရပြောရင် ပဒေသာစုံလင်ပြီး
ယဉ်ကျေးမှုပေါင်းစုံလည်း မှီတင်းနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်မြေကို အခြေခံပြီး လွတ်လပ်ရေးအတွက်
လှုပ်ရှားဆောင်ရွက်နေတဲ့ ထင်ထင်ရှားရှားအဖွ့ဲတွေ မရှိတာကြောင့် သူတို့ ၂ နိုင်ငံလုံးက ဒုတိယအုပ်စုထဲမှာ
ပါဝင်သွားပါတယ်။
ဂျပန်၊ ပေါ်တူဂီနဲ့ စကင်ဒီနေဗီးယန်း နိုင်ငံတွေအများစုကတော့ တတိယအုပ်စုထဲမှာ ပါဝင်ကြပါတယ်။ အဲဒီလို အခြေအနေ အနေအထားချင်း မတူညီတဲ့ နိုင်ငံ ၃ မျိုးမှာ ပဒေသာစုံလင်မှုကို ဒီမိုကရေစီနဲ့ ပေါင်းစည်းပေးနိုင်အောင် ကြိုးစားရင်း ဘယ်လိုနိုင်ငံရေး အကျိုးဆက်တွေ ပေါ်ပေါက်လာကြသလဲ ဆိုတာကိုဆက်ပြီး မေးခွန်းထုတ်ရပါမယ်။ တိုင်းပြည်တခုမှာ လူမျိုးတမျိုးတည်းက ထင်ရှားလွှမ်းမိုးထားပြီး တိုင်းပြည်နဲ့ လူမျိုးကတထပ်တည်း ဖြစ်နေတယ်ဆိုပါတော့။ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကလည်းတူ၊ ကိုးကွယ်ရာ ဘာသာကလည်းတူ၊ ပြောဆိုတဲ့ ဘာသာစကားလည်း တူတယ်ဆိုပါတော့။ အဲဒီလို တိုင်းပြည်တွေမှာ ဒီမိုကရေစီတည်ဆောက်ခြင်းနဲ့ အမျိုးသားနိုင်ငံ (Nation-state) တည်ဆောက်ခြင်းက တခုကိုတခု အပြန်အလှန် ကူညီအားဖြည့်ပေးနိုင်ပါတယ်။
ဒါပေမဲ့ “တိုင်းရင်းသားလူမျိုး စုံလင်များပြား” နေတဲ့ အနေအထားတွေမှာတော့ အပြိုင်အဆိုင်များတဲ့ ရွေးကောက်ပွဲတွေကို စတင်ကျင်းပပေးလိုက်မယ် ဆိုရင် ဒီမိုကရေစီ တည်ဆောက်ခြင်းနဲ့ Nation-state တည်ဆောက်ခြင်းက တခုနဲ့တခု ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်လာတော့မှာပါ။ အကြောင်းကတော့ တိုင်းရင်းသား လူမျိုးတွေ အများကြီးရှိတဲ့ အထဲကမှ တမျိုးကပဲ နိုင်ငံတည်ဆောက်ရေးမှာ အထူးအခွင့်အရေးတွေ ရတော့မှာဖြစ်ပြီး ကျန်တဲ့ တခြားလူမျိုးတွေကတော့ အသိအမှတ်ပြုခံရမှာ မဟုတ်တာကြောင့်ပါ။ ဘေးဖယ်ထုတ် ခံရတာမျိုးတောင်မှ ဖြစ်သွားနိုင်ပါတယ်။ အဲဒီတော့ Nation-state ကို တည်ဆောက်မဲ့အစား တခြားဘာတွေ ရွေးချယ်စရာရှိသေးလဲ ဆိုတာကို နောက်ပိုင်းမှာ ဆက်ပြီးလေ့လာကြပါမယ်။
ပထမဆုံးတော့ အမျိုးသားနိုင်ငံတခုရဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာနဲ့ စည်းမျဉ်းစည်းကမ်းအရ လုပ်ပိုင်ခွင့်အာဏာတွေကို အရင်ဆုံးကြိုးစား ရှင်းပြပါမယ်။ နိုင်ငံတခုမှာ လူမျိုးတမျိုးပဲရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတမျိုးနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း ရှုထောင်ကနေ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အမြော်အမြင်ကို
ထင်ဟပ်ဖော်ပြနေတာပါ။ လူအများစုကလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပါတယ်။ အဲဒါကတော့ Nation-state ဆိုတာပါ။ ပြင်သစ်တော်လှန်းရေး ပြီးဆုံးသွားချိန်၊ ပိုပြီးတိတိကျကျ ဆိုရရင်တော့ ၁၉ ရာစု နှောင်းပိုင်းမှာ၊ မူဝါဒတွေ တော်တော်များများကို ပြင်သစ်က အကောင်အထည်ဖော် ကျင့်သုံးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံသားတွေမှာ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရပါ အမှတ်သရုပ်လက္ခဏာ တခုတည်းရှိစေမယ့် Unitary nation state (တပြည်ထောင် အမျိုးသားနိုင်ငံ) ထူထောင်ဖို့ ရည်ရွယ်တဲ့ မူဝါဒတွေပါ။ ပြင်သစ်ဘာသာစကား တခုတည်းကိုပဲ အားလုံးက တဖြည်းဖြည်းနဲ့ လက်ခံလာအောင် လုပ်ဆောင်ပေးတဲ့ မက်လုံးတွေနဲ့ လှန့်လုံးတွေလည်း အဲဒီလို မူဝါဒတွေထဲမှာ ပါဝင်ပါတယ်။ ဒေသအလိုက် ကွြဲပားခြားနားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြု ဖော်ပြလာအောင် လမ်းဖွင့်ပေးမယ့် နိုင်ငံရေးစနစ်တွေကို ပြင်သစ်နိုင်ငံ တည်ထောင်သူ ဖခင်ကြီးတွေက လက်မခံခဲ့ပါ။ ဖက်ဒရယ်လစ်ဇင် ဆိုတာဘက်ကနေ အရေးဆို တိုက်တွန်းတာကို သေဒဏ်ပေးနိုင်တဲ့ နိုင်ငံတော်ပြစ်မှုကြီးလို့ သတ်မှတ်တဲ့အထိ လက်မခံခဲ့တာပါ။ ပြင်သစ်နိုင်ငံ တဝှမ်းလုံးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုး မာတိကာတွေပါတဲ့ တူညီတဲ့ သင်ရိုးညွှန်းတမ်းတွေကို သင်ကြားပေးပါတယ်။ ဆရာတွေအားလုံးကိုလည်း ပညာရေး ဝန်ကြီးဌာနကနေ လေ့ကျင့်သင်ကြားပေး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား အမှတ်လက္ခဏာကို တခုတည်းဖြစ်လာစေဖို့နဲ့ ပေါင်းစည်းပျော်ဝင်မှု အားကောင်းတဲ့ နိုင်ငံတခု ဖြစ်လာစေဖို့ အတွက်လည်း အားလုံးစစ်မှု မထမ်းမနေရလို ပေါ်လစီတွေကို ချမှတ်ပြဌာန်းပါတယ်။
ဆွီဒင်၊ ဂျပန်နဲ့ ပေါ်တူဂီလို တချို့အောင်မြင်တဲ့ ခေတ်ပြိုင်ဒီမိုကရေစီ နိုင်ငံတွေကတော့ Unitary nation state အဖြစ်ကို ရောက်ဖို့ တော်တော်ကလေး နီးစပ်သွားပါတယ်။ ဂျာမနီနဲ့ သြစတေးလျလို တချို့ ဖက်ဒရယ်နိုင်ငံတွေလည်း Nation-state တွေ ဖြစ်သွားကြပါပြီ။ ကျနော်တို့ အမြင်အရဆိုရင်တော့ အမျိုးသားနိုင်ငံတခုကို အစိုးရက ဦးဆောင်ပြီး အကောင်အထည်ဖော် ချမှတ်နေတုန်းမှာ လူ့အဖွဲ့စည်းယဉ်ကျေးမှု ခြားနားချက်တွေက နိုင်ငံရေးသဘောမှာ အရေးပါမနေဘူးဆိုရင်၊ နိုင်ငံရေး နိုးကြားထက်မြက်မှု အရှိဆုံးဖြစ်တဲ့ နိုင်ငံသားတွေက ဖြတ်သန်းတဲ့ သမိုင်းကြောင်းခြင်း တူညီတယ်လို့ ခံစားကြတယ်ဆိုရင် အမျိုးသားနိုင်ငံ တည်ဆောက်ဖို့ ရည်ရွယ်တဲ့ မူဝါဒတွေက အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ဖြစ်ပေါ်လာရေး လမ်းကြောင်းမှာ အနှောင့်အယှက် အဟန့်အတား ဖြစ်မနေပါ။
တကယ်တော့လည်း အဲဒီလို အမျိုးသား အမှတ်လက္ခဏာတခုရယ်၊ တသားတည်းဖြစ်မှုရယ်တို့ကို ၁၉ ရာစုအတွင်း ဖန်တီးတာက ဒီမိုကရေစီကို တည်ဆောက်တာနဲ့ သဘောချင်း အတူတူပဲဖြစ်ပါတယ်။ ရင့်ကျက်ခိုင်မာပြီးသား နိုင်ငံတွေမှာပဲ ဖန်းတီးလို့ရခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀ ရာစုကို ရောက်တဲ့အခါမှာတော့ အစိုးရ ပေါ်လစီတွေကနေ တဆင့် Nation-state တွေကို ဖန်တီးဖို့ ကြိုးပမ်းချက်တွေက အခက်အခဲတွေနဲ့ တွေ့ကြုံလာရပါတယ်။ စပိန်နိုင်ငံလို အတွေ့အကြုံ ရင့်ကျက် ပြည့်ဝပြီးသား နိုင်ငံတွေမှာတောင် တွေ့ကြုံရတာပါ။ ဒါကြောင့်မို့ နိုင်ငံတခုမှာ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ များပြားစုံလင်နေပြီး အဲဒီလို စုံလင်တာက နိုင်ငံရေးအရလည်း အဓိပ္ပာယ်တွေ ထင်ရှားလေးနက်နေတယ်ဆိုရင် (နိုင်ငံ တော်တော်များများမှာ အဲဒီလိုဖြစ်ကြပါတယ်) ခေါင်းဆောင်တွေက state-nation (လူမျိုးစုံ ချစ်ကြည်ရင်းနှီး နိုင်ငံ) စရိုက်လက္ခဏာတွေ ပါဝင်တဲ့ နိုင်ငံရေးစနစ်တခုကို စဉ်းစားဖို့၊ ဖန်တီးဖို့နဲ့ စည်းမျဉ်း စည်းကမ်းတွေအရ အသိအမှတ်ပြု ထောက်ခံပေးဖို့ လိုအပ်လာပါတယ်။
အမှတ်လက္ခဏာနဲ့ နယ်နိမိတ်မျဉ်းများ
အခု ဒီဆောင်းပါးကို ရေးသူတွေထဲမှာပါတဲ့ ဟွမ်လင့်ဇ်နဲ့ အဲလ်ဖရက် စတီဖင်တို့က State-nation (လူမျိုးစုံ ချစ်ကြည်ရင်းနှီး နိုင်ငံ) ဆိုတဲ့အယူအဆကို ၁၉၉၆ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် စာပိုဒ်တပိုဒ်ထဲနဲ့ပဲ
ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “State-nation ဆိုသည်မှာ ယဉ်ကျေးမှုပဒေသာ စုံလင်ပြီး (တခါတရံတွင်) တိုင်းရင်းသားလူမျိုးပါ စုံလင်များပြားသော နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံတော်အပေါ်တွင် သစ္စာရှိ၊
နိုင်ငံတော်ကို အသိအမှတ်ပြု ထောက်ခံလာအောင် စွမ်းဆောင်နိုင်ကြသည်။ Nation-state နိုင်ငံများသာ
စွမ်းဆောင်နိုင်သော သစ္စာရှိမှု၊ အသိအမှတ်ပြုမှုမျိုး ဖြစ်သည်ဟု State-nation ထောက်ခံသူများက တွေးဆမိသည့်
သစ္စာရှိ၊ အသိအမှတ်ပြု မှုမျိုးဖြစ်သည်” လို့ စာပိုဒ်ထဲမှာ ရေးထားပါတယ်။ ဆွစ်ဇာလန်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း
Nation-state မဟုတ်ဘူးလို့လည်း သူတို့ ၂ ယောက်က ပြောလိုက်ပါသေးတယ်။
ပြင်သစ်နဲ့ နှိုင်းယှဉ်ပြီး တိတိကျကျ ပြောရမယ်ဆိုရင် ဆွစ်ဇာလန်နဲ့ အိန္ဒိယနိုင်ငံတို့က Nation-state မဟုတ်ပါ။ ဒါပေမယ့် State-nation နိုင်ငံတွေလို့ ခေါ်နိုင်ပါတယ်။ ဂျဝါဟလာနေရူး လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ လိမ္မာပါးနပ်ပြီး
အများသဘောတူညီတဲ့ အာဏာခွဲဝေရေး အစီအမံတွေကြောင့် တိုင်းရင်းသား လူမျိုးတွေကြားက တင်းမာမှုတွေကို
ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြေလျှော့ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးနိုင်တာကြောင့် ၁၉၅၀ နဲ့
၁၉၆၀ ပြည့်နှစ်တွေ အအတွင်းမှာ အိန္ဒိယနိုင်ငံက ဒီမိုကရက်တစ် State-nation ဖြစ်လာခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
(အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)