ရှမ်းပြည်နယ်အခြေစိုက် အင်အားကြီး ရှမ်းပါတီ နှစ်ခုဖြစ်သည့် ကျားဖြူ ပါတီနှင့် ကျားခေါင်း ပါတီတို့ ပူးပေါင်းရေးမှာ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်တော့မည်ဟု ယင်းပါတီများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ကျားခေါင်း – SNLD) မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ကျနော် ထင်တာတော့ သိပ်မမျှော်လင့်နိုင်သေးဘူး။ သူတို့က အဓိကကတော့ လာမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အစိုးရ ဖြစ်ရေးပဲ။ အဲဒါ သူတို့ အမြင့်ဆုံးရည်မှန်းချက်ပဲ။ ကျနော်တို့က အဲဒီလို မဟုတ်ဘူးဗျာ။ အဲဒီမှာတင် ကွဲပြားတာတွေရှိ တယ်။ ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်တော့ ထိပ်တိုက်တွေ့မှာပဲဗျ” ဟု ဧရာဝတီသို့ ပြောကြားသည်။
လာမည့်နှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် နှစ်ဘက်ပါတီမှ ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လောလောဆယ် ပါတီနှစ်ခု ပူးပေါင်းရေးနှင့် ပတ်သက်ပြီး ကျားဖြူပါတီဘက်မှ မီဒီယာများကို ၂၀၁၅ ရွေးကောက်ပွဲပြီး မှသာ ဖြစ်နိုင်တော့မည်ဟု ပြောဆိုထားကြောင်းလည်း ၎င်းက ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ – SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “သူတို့ဆွေးနွေးချက် အပေါ် မူတည်တာပေါ့။ ပါတီအရင် ဖျက်ရမယ်၊ ငွေစာရင်းတွေ စစ်ရမယ်။ အဲဒါလုပ်ဖို့က သိပ် အချိန်မရှိတော့ဘူးလေ။ ရွေးကောက်ပွဲက တနှစ်တောင် မရှိတော့ဘူး” ဟု ပြောသည်။
လက်ရှိအခြေအနေများအရ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှသာ ညှိနှိုင်းသွားရန် ဖြစ်နိုင်ချေ များကြောင်း၊ လာမည့် ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သူက ဆိုသည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်း ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့တွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ ၁၉၉၀ ရွေးကောက်ပွဲဝင် ကျားခေါင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးမှာ လက်ရှိ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒ နယ် ၅၇ နေရာတွင် အနိုင်ရရှိကာ တတိယမဲအများဆုံး ပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် အစိုးရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအား ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူပါတီဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။
ကျားခေါင်းပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမရှိပါက ရွေးကောက်ပွဲမဝင်ကြောင်း အစောပိုင်းက ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် မတ်လက တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် ညီလာခံတွင် ပါတီဝင် များ၏ ထောက်ခံမှုဖြင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များမှ ရာနှင့်ချီသည့် ကျားဖြူပါတီဝင်များမှာ ကျားခေါင်းပါတီ သို့ ကူးပြောင်းဝင်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALP) တို့မှာ ယခုနှစ် အစောပိုင်းတွင် နှစ်ပါတီပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အမည်ဖြင့် ပါတီသစ်ကို ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်။
“ကျနော်တို့ပူးပေါင်းတာက လူထုကလည်း ပူးပေါင်းဖို့ တွန်းအားပေးပါတယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ ဗမာပြည် နိုင်ငံရေးမှာ တစုံတရာအဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးကောက်ပွဲ တခုပေါ့လေ။ အဲဒီလို ကျနော်တို့ ပါတီတွေကလည်း မြင် တယ်၊ လူထုကလည်း မြင်တယ်။ အဲဒီအချိန်မှာ တကယ့်အမျိုးသားကို ကိုယ်စားပြုတဲ့ ပါတီ တရပ်ပဲ ရှိသင့်တယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးဦးလှစောက ရှင်းပြသည်။
အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့မှာ ပါတီချင်း ပူးပေါင်းကြရန် ကြိုးပမ်းဆောင်ရွက် နေကြသော်လည်း လက်ရှိအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
ရှမ်းပါတီ နှစ်ခုနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့တို့ ပူးပေါင်းရန် ဒေသခံ ရဟန်းပြည်သူ ၃၆၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုခဲ့မှုကြောင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ကျားခေါင်းပါတီ၊ ကျားဖြူပါတီနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင်သည့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက ထိုင်းနယ်စပ် တနေရာတွင် ဖွဲ့စည်းခဲ့သည်။