မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်၍ အချိန်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော နော်ဝေနိုင်ငံ ဘုရင် ဟာရယ်(Harald) က ပြောကြားလိုက်သည်။
ထို့အပြင် ပွင့်လင်းမြင်သာသော စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် ကျော်လွှားရမည့် အခက်အခဲများ ရှိဦးမည်ဖြစ်သည်ဟုလည်း ဒီဇင်ဘာ ၂ ရက်က ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောဆိုသည်။
“ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မယ့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ သင်တို့ တိုင်းပြည် က တိုင်းသူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်မှု လိုအပ်ပါတယ်”ဟု နော်ဝေ ဘုရင်က ဆက်ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် အချက်များသည် ပြည်သူများအတွက် အကျိုးသက်ရောက်မှု မရှိလျှင် ပြုပြင်ရမည်ဖြစ်ကြောင်း နော်ဝေ အခြေခံဥပဒေတွင် ပြဌာန်းထားသည်ဟုလည်း ဆိုသည်။
နော်ဝေနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၈၁၄ ခုနှစ်တွင် စတင်ကျင့်သုံးလာခဲ့ရာ ယခုနှစ်တွင် နှစ် ၂၀၀ ပြည့်သည့် အချိန် ရောက်ခဲ့သော်လည်း ပြောင်းလဲပြင်ဆင်ပြီးသည့် အကြိမ်ရေလည်း ၂၀၀ ကျော်ရှိခဲ့ကြောင်း နော်ဝေ ဘုရင်က ပြောဆိုသည်။
ပြင်ဆင်မှုများ ပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆီလျော်မှုရှိရန်နှင့် အရည်အသွေးရှိရန် လိုအပ်ကြောင်း၊ နော်ဝေနိုင်ငံ တွင် ၁၉၁၃ ခုနှစ်က အမျိုးသမီးများ မဲပေးခွင့်ရှိစေမည့် အရေးကြီးသော ပြင်ဆင်ချက်တခုကို ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြော သည်။
“တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီ အစရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေကို ကျနော်တို့ နော်ဝေနိုင်ငံမှာ ကိုယ့်ရဲ့ ကိုယ် ပိုင် ရပိုင်ခွင့်ဆိုပြီး အမှတ်မထင် ယူဆခဲ့ကြတာတွေကို မြန်မာတွေက စိတ်အားထက်သန်စွာ ဆုံးဖြတ်ချက်ချကာ ရယူနိုင်ဖို့ ကြိုးပမ်း အားထုတ်နေတာကို တွေ့ရတော့ ကျနော်တို့ အားကျမိပါတယ်”ဟု နော်ဝေ ဘုရင်က ပြောဆိုသည်။
နော်ဝေနိုင်ငံဘုရင်က မြန်မာနိုင်ငံအတွက် ရေရှည်တည်တန့်ခိုင်မြဲမည့် စွမ်းအင်ထုတ်လုပ်ရေးနှင့် ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးတို့အတွက် နည်းပညာနှင့် ကျွမ်းကျင်မှုများကို ဝေမျှပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကျောင်းသား ကျောင်း သူများအတွက် ဒေးဗစ်ထော(David Taw) ဆိုသည့် ပညာသင်ဆု တခုကို ရန်ပုံငွေ မတည်ထားကြောင်းလည်း ပြောကြားခဲ့သည်။
ပဒို ဒေးဗစ်ထော(David Taw) သည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တာဝန်ကို ထမ်းဆောင်သွားသူ တဦး ဖြစ်သည်။
၎င်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ရရှိရန်အတွက် အားတက်သရော ကြိုးပမ်းအားထုတ်ခဲ့သူ တဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တို ဘာ လ အတွင်းက ကွယ်လွန်ခဲ့သည်။ David Taw ပညာသင်ဆုသည် ၎င်းကို ရည်ရွယ်၍ တည်ထောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ငြိမ်းချမ်းရေးကို လိုလားပြီး ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးစားရန် ဆုံးဖြတ်ထားသော ကျောင်းသားကျောင်းသူများ အနေဖြင့် ဒေးဗစ်ထော ပညာသင်ဆုကို လျှောက်ထားနိုင်ပြီး သမိုင်းနှင့် လူမှုရေးဆိုင်ရာ ဘာသာရပ်များကို ဝိဇ္ဇာနှင့် မဟာဝိဇ္ဇာ တန်းများ တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ်တွင် တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၅၃၄ သန်းကိုလည်း ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် နော်ဝေနိုင်ငံ ၏ နိုင်ငံတကာ အကူအညီပေးရေးတွင် မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် ဦးစားပေးအဆင့် သတ်မှတ်၍ အကူအညီများပေးနေ သည်။
နော်ဝေနိုင်ငံ အော်စလို ငြိမ်းချမ်းရေးစင်တာနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန နှင့် ပူးပေါင်း၍ နော်ဝေကြက်ခြေနီ အဖွဲ့နှင့် နော်ဝေပြည်သူများ အကူအညီပေးရေးအဖွဲ့တို့က မြန်မာနိုင်ငံရှိ စစ်ဘေး ဒုက္ခသည်စခန်းများကိုလည်း ကူညီ ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၌ နော်ဝေသံရုံးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ သံရုံးကို နော်ဝေနိုင်ငံ၌ ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဒီဇင်ဘာ ၂ ရက် ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
နော်ဝေနိုင်ငံ၏ ဘုရင်တပါးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နော်ဝေဘုရင် ဟာရယ် နှင့် မိဖုရား ဆွန်ယာ(Sonja) တို့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ လာရောက်လည်ပတ်နေခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
နော်ဝေဘုရင်သည် သမ္မတ ဦးသိန်းစိန်အပြင် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။