မြန်မာနိုင်ငံ တကယ်လိုအပ်နေတာက တွေ့ဆုံဆွေးနွေးမှုတွေပါပဲ။ ဒါပေမယ့် တွေ့နေရုံနဲ့ တော့ မပြီးသေးပါဘူး။ ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနိုင်မယ့်၊ ပြီးတော့ နိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မယ့့် တွေ့ဆုံဆွေးနွေးမှုဖြစ်ရပါမယ်။
ဒီနေ့ ဒီအချိန်မှာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အရေးကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေတယ်လို့ ပိုပိုပြီး ယုံကြည်နေကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အခြေနေကတော့ ဖြစ်သင့်တာနဲ့ တော်တော်လေးကို ဝေးကွာနေပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုတွေဖြစ်ဖို့ ပြောဆိုနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ လွှတ်တော်က ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တဦးတို့အကြား စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး ဆွေးနွေးဖို့ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်က ဒီလိုတွေ့ဆုံ ဆွေးနွေးဖို့ကို အဆိုပြုပြီး အတည်ပြုခဲ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဒီခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အဆိုကို တင်ခဲ့သူဟာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ် ဖြစ်နေတာပါပဲ။ ဒီမတိုင်ခင် သိပ်မကြာသေးခင်ကပဲ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်တဲ့သဘော ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မရေမရာဖြစ်သွားပြီး လွှတ်တော်အမတ်တွေဟာ ဒီအကျပ်အတည်းကို ကုစားနိုင်မလား မျှော်လင့်ချက်နဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအဆိုကို ထောက်ခံခဲ့တဲ့ပုံပါ။
အတိုက်အခံအမတ်တွေနဲ့ တိုင်းရင်းသားအမတ်တွေဟာ ဒီအဆိုကို မကန့်ကွက်ကြပါဘူး။ ဒီအဆိုတင်သွင်းတဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်အပြင်ဘက်မှာ သတင်းထောက်တွေကို “အန်တီကတော့ ဒီဟာကို မငြင်းပယ်ပါဘူး။ အစကတည်းက အန်တီပြောတယ်။ တကယ်စစ်မှန်တဲ့ ဆွေးနွေးပွဲ လုပ်ဖို့ လိုတယ်။ ဟိုဟာက ၁၄ ယောက်လိုလို၊ ဟိုလိုလို၊ ဒီလိုလိုတုန်းကသာ အန်တီပြောတာလေ။ အခု ဒီလို သေသေချာချာ တင်ပြတဲ့ဟာ လွှတ်တော်က တင်ပြတဲ့ကိစ္စကို အန်တီအနေနဲ့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ တိုးတက်မှုလို့ပဲ မြင်ပါတယ်။ ဘာပဲပြောပြော ဒီကိစ္စမှာ သဘောတူနိုင်မယ်ဆိုရင် ကောင်းတာပေါ့” လို့ ပြောခဲ့ပါတယ်။
ဒီနောက် လွှတ်တော်ဟာ တိုင်းရင်းသားကိုယ်စားလှယ်တယောက်ကို ခပ်မြန်မြန်ပဲ ရွေးချယ်ခဲ့တယ်။ ရခိုင်တိုင်းရင်းသားအမတ် ဦးအေးမောင် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီတွေ့ဆုံဆွေးနွေးဖို့အဆိုကို ဦးသိန်းစိန်အစိုးရက အေးစက်စက် တုန့်ပြန်လိုက်ပါတယ်။ လွှတ်တော်က အဆိုကို လက်ခံလိုက်ပြီး နောက်တနေ့မှာ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုဟာ လက်တွေ့မဆန်ဘဲ ဖြစ်နိုင်ချေမရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
စစ်တပ်ကလည်း တသဘောတည်းပါပဲ။ မကြာသေးခင်က KNU နဲ့ ၇ ကြိမ်မြောက်တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို လက်ခံမှာမဟုတ်ဘဲ အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုဟာ ဘောင်ကျဉ်းတယ်လို့ ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူကိုယ်တိုင်တို့ကြား တွေ့ဆုံ ဆွေးနွေးဖို့အတွက် တောင်းဆိုခဲ့ဖူးတာပါ။
ဗွီအိုအေနဲ့ သီးခြားအင်တာဗျူးတခုမှာ ဦးသိန်းစိန်ကလည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ တလေသံတည်း ပြောခဲ့ပါတယ်။ “တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာကတော့ မှန်ကန်တဲ့လမ်းကြောင်းပါ။ ဒါပေမယ့် ကျနော်တို့ ၄ ယောက်ထဲကတော့ မလုံလောက်ပါဘူး”လို့ လွှတ်တော်က ၆ ပွင့်ဆိုင် ဆွေးနွေးမှုကို အတည်မပြုခင်မှာလည်း ဦးသိန်းစိန်က ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။
ဦးသိန်းစိန်နဲ့ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ပြုလုပ်ခဲ့ တဲ့ ၁၄ ဦး တွေ့ဆုံဆွေးနွေးမှုပုံစံကိုပဲ ဆွဲကိုင်ထားလိုတဲ့ သဘောရှိပါတယ်။ ဒါပေမယ့်လည်း ဒီ ၁၄ ဦး တွေ့ဆုံဆွေးနွေးမှုဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးတကြီးကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုရလဒ် တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။ ဝေဖန်သူတွေကတော့ ဒီဆွေးနွေးမှုဟာ သမ္မတအိုဘားမား နိုဝင်ဘာလလယ်မှာ မြန်မာနိုင်ငံကို မလာမီ လုပ်လိုက်တဲ့ နိုင်ငံရေးလှည့်ကွက်လို့ ဝေဖန်ကြပါတယ်။ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ စစ်တပ်က ကိုယ်စားလှယ် ၁၄ ယောက်တို့ဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ဒီနောက်ဆုံး နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ကြည့်ရတာတော့ နိုင်ငံရေး အခင်းအကျင်းဟာ နှစ်ခြမ်းကွဲနေသလိုပါပဲ။ တဖက်မှာ ၆ ပွင့်ဆိုင်တွေ့ဆုံမှုကို ထောက်ခံတဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီအမတ်တွေ ရှိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် လွှတ်တော်ပြင်ပမှာရှိတဲ့ ထင်ရှားသူတွေ တော်တော်များများကလည်း ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံနေကြပါတယ်။ တခြားတဖက်မှာတော့ ဦးသိန်းစိန်နဲ့ စစ်တပ်တို့ ရှိတယ်လို့ပြောရမှာပါ။
လွှတ်တော်က အဆိုပြုသလို ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို သမ္မတနဲ့ စစ်တပ်က ဘာကြောင့် မလိုလားရတာလဲ။ သူ့တို့ကို ကြည့်ရတာတော့ တွေ့ဆုံဆွေးနွေးက လူများပြီး ပွဲမစည်ဖြစ်ဖို့ကို လိုလားနေတဲ့ပုံပါပဲ။ ဆွေးနွေးမှုတွေဟာ ရှေ့မရောက်နိုင်တော့ဘဲ နိုင်ငံရေးအခြေအနေဟာ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အထိ ဘာမှမပြောင်းနိုင်တော့ဘူးလို့ ယူဆတဲ့ပုံ ပေါ်ပါတယ်။ ဒီလိုဆိုရင် စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဗီတိုအာဏာကို လက်ထဲမှာ ဆက်လက်ဆုပ်ကိုင်ထားနိုင်မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သမ္မတ ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့သာမကပဲ နိုင်ငံရဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေအပါအဝင် မြန်မာနိုင်ငံရဲ့ များမြောင်လှတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု တကယ် လိုအပ်နေတာပါ။
၂၀၁၁ ခုနှစ် မတ်လမှာ ဦးသိန်းစိန် သမ္မတရာထူးကို စတင်ယူချိန်ကစပြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သီးခြား ၆ ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နိုင်ငံရဲ့ အရေးကြီးကိစ္စတွေကို ဆွေးနွေးမှု ရှိ မရှိ ဆိုတာ ဘယ်သူမှ မသိပါဘူး။
ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့သူတွေဟာ စေ့စပ် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့ အချိန်တန်နေပြီဆိုတာကို တွေ့ရမှာပါ။ အပြောတွေကိုလျော့ပြီး အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်တာတော့ကြာပါပြီ။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးမှုမ ှတ်တမ်း
၁၉၈၉။ ၁၉၈၈ အရေးအခင်းပြီးနောက်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့်တွေ့ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။
၁၉၉၄ စက်တင်ဘာ ၂၀။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရဧည့်ရိပ်သာတစ်ခုတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွှန့်တို့နှင့် တွေ့ဆုံခဲ့သည်။ ယူကေတွင်နေထိုင်သည့် ဗုဒ္ဓဘာသာဘုန်းကြီး ဒေါက်တာ ရေဝတဓမ္မ၏ စေ့စပ်ဆွေးနွေးမှု၏ ရလဒ်အဖြစ် နှစ်ဖက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၁၉၉၄ အောက်တိုဘာ ၂၈။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရဧည့်ရိပ်သာတစ်ခုတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ကိုယ်စားလှယ်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးခင်ညွှန့်၊ စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ် သန်းဦးနှင့် စစ်ထောက်ချုပ်ဗိုလ်မှူးချုပ် တင်ဦးတို့ တက်ရောက်ခဲ့သည်။
၂၀၀၀။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံခဲ့ကြ သည်။ မည်သည့်အချိန်တွင် မည်သည့်နေရာ၌ တွေ့သည်ကို မသိရ။
ဇန်နဝါရီ ၂၀၀၂ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံမှု၏ ရလဒ်အဖြစ် စစ်အစိုးရမှ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ရန်ကုန်မြို့တွင် ပါတီရုံးခွဲ ၃၅ ခုအား ပြန်ဖွင့်ခွင့် ရခဲ့သည်။
အောက်တိုဘာ ၂၀၀၇။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရမှ သူနှင့်တွေ့ဆုံဆွေးနွေးရန် ဆက်ဆံရေးအရာရှိအဖြစ် ခန့်အပ်ခဲ့သည့် ဦးအောင်ကြည်နှင့် တွေ့ဆုံခဲ့ကြသည်။ ဦးအောင်ကြည် သည် နောက်လေးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနည်းဆုံး သုံးကြိမ် တွေ့ဆုံခဲ့သည်။
၂၀၁၁ သြဂုတ် ၁၉။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ အစိုးရအရာရှိတစ်ဦး၏ အဆိုအရ တွေ့ဆုံမှုမှာ တနာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး ရလဒ်ကောင်းမွန်ခဲ့သည်။ ထိုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီ ရွေးကောက်ပွဲသို့ ဝင်ရောက်ရန်နှင့် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ရန် လမ်းစဖြစ်ခဲ့သည်ဟု ဆိုကြသည်။
၂၀၁၂ ဧပြီလ ၁၂။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို့ မရောက်မီ သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။ NLD ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းမှ နှစ်ဖက်သည် နေပြည်တော်တွင် တွေ့ဆုံခဲ့ရာတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
၂၀၁၂ သြဂုတ် ၁၂။ လွှတ်တော်အမတ်ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ ဦးသိန်းစိန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ေဋ္ဌးမှ နှစ်ဖက်သည် နှစ်နာရီကြာ တွေ့ဆုံခဲ့ပြီး အကြောင်းအရာတော်တော်များများကိုဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခြင်း ပြုမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၂၀၁၂ စက်တင်ဘာ ၂၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်သည် အမေရိကန် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့ကြသည်။ စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဝါရှင်တန်၊ နယူးယောက်၊ ကန်တက်ကီနှင့် West Coast သို့ ၁၇ ရက်ကြာခရီးကို စတင်ခဲ့ပြီး ဦးသိန်းစိန်မှ ကုလအထွေထွေအစည်းအဝေးကိုတက်ရောက်ရန် စက်တင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထိုလတွင်ပင် ဘီဘီစီနှင့် အင်တာဗျူးတစ်ခု၌ ဦးသိန်းစိန်မှ သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံနိုင်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၃ သြဂုတ် ၃၁။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်ကို နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးအခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
၂၀၁၄ မတ်လ ၉။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားသည့်ကိစ္စအား ဆွေးနွေးခဲ့ကြသည်ဟု ယူဆရသည်။
၂၀၁၄ အောက်တိုဘာ ၃၁။ ပထမဦးဆုံးအကြိမ်အဖြစ် ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် ၁၄ ဦးဆွေးနွေးပွဲအား နေပြည်တော်တွင် ကျင်းပခဲ့သည်။ ပါဝင်တက်ရောက်ကြသူများမှာ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဦးေဋ္ဌးဦး၊ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကိုယ်စားလှယ် ဦးသိန်းထွန်း၊ NBF ခေါင်းဆောင် စိုင်းအိုက်ဖောင်း၊ FDA ခေါင်းဆောင် ခင်မောင်ဆွေနှင့် UNA ခေါင်းဆောင် ခွန်ထွန်းဦးတို့ ဖြစ်ကြသည်။ နိုင်ငံရေးပါတီ နှင့် ပြည်သူများမှ မျှော်လင့်ထားသလိုမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုသည် ရလဒ် တစုံတရာ မထွက်ပဲ ပြီးဆုံးခဲ့သည်။
(သတင်းအချက်အလက်များကို သက်ကိုကိုနှင့် ဝေယံအောင်တို့ ရှာဖွေပြုစုသည်)