ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ရှားတောမြို့နယ်အတွင်းသို့ လူထုစည်းရုံးရေး ကွင်းဆင်းဆောင်ရွက်နေသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တပ်ဖွဲ့များကို မိခင်တပ်ရင်းများထံ ပြန်လည်ဆုတ်ခွါရန် KNPP ခေါင်းဆောင်များက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ကွင်းဆင်းဆောင်ရွက်နေကြသည့် KNPP တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တပ်မတော်စစ်ကြောင်းများ အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများကို စိုးရိမ်မှုများ မဖြစ်ပွားစေလိုသဖြင့် KNPP ဗဟိုကော်မတီ အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က “ခွင့်ပြုချက်မရဘူးဆိုတော့။ ဖိုင်နယ်ကတော့ ‘ချ’ ရမလိုဖြစ်နေတာပေါ့ဗျာ။ စစ်ရေးအခြေအနေ အဲလိုဖြစ်နေတော့ ဒေသခံတွေကလည်း စိုးရိမ်နေတယ်လေ။ အဲဒါကြောင့် ကျနော်တို့ ဗဟိုကော်မတီမှာ ဆွေးနွေးပြီးတော့ ပြည်သူတွေကို အလေးထားတဲ့ အနေနဲ့ ကျနော်တို့ တပ်တွေကို ပြန်ခေါက်မှာပေါ့ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် KNPP ယခုလဆန်းပိုင်းကစပြီး ရှားတော့မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် နေမှုအပေါ် အစိုးရနှင့် တပ်မတော်ဘက်က သဘောမတူကြောင်းနှင့် မေလ ၁၃ ရက်နေ့က ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးတို့ ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့မှုမရခဲ့သည့်နောက် KNPP ခေါင်းဆောင်များက ယင်းသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသို့ နှစ်ဘက်တွေ့ဆုံပွဲတွင် ဒေသအာဏာပိုင်များက KNPP အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့( MNDAA) ကို သွားရောက် ကူညီမည်စိုးရိမ်သဖြင့် အစိုးရက တပ်လမ်း ကြောင်း သွားလာခွင့်ကို ပိတ်ပင်ခြင်းဖြစ်ကြောင်း အကြောင်းပြန်သည်ဟု KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ကလည်း ပြောသည်။
ဦးရွှေမျိုးသန့် က “ လောက်ကိုင်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေက အတောမသတ်နိုင်သေးဘူး၊ တပ်တွေ ကို လောက်ကိုင် ဘက်ကို တက်မသွားနိုင်အောင် အဟန့်အတား လုပ်တဲ့ သဘောပေါ့၊ ကျနော်တို့ကို စစ် ရေး နည်းပရိယာယ် ဆင်တယ်လို့ သူတို့(အစိုးရ)က ထင်နေတယ်။ အဲ့လိုမဟုတ်ဘူး ရှင်းပြတယ် မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
KNPP အနေဖြင့် စစ်ကြောင်းအင်အားကြီးသွားသည်ကို လက်မခံလိုလျှင် စစ်သား၂၀၀ ကို ၃ ဖွဲ့ခွဲ၍ သွားမည်ဟု ထပ်မံ ညှိနှိုင်းခဲ့သော်လည်း အစိုးရဘက်မှ လက်နက်လုံး၀ မပါရှိပါမှ သွားလာခွင့် ပြုမည်ဖြစ်ပြီး KNPP မှ လူကြီးလမ်းကြောင်း များတွင် လိုက်ပါသည့် လုံခြုံရေးများကိုသာ လက်နက်အပြည့်အစုံဖြင့် သွား လာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
အစိုးရဘက်မှ လက်နက်ကိုင်ဆောင်၍ ဖြတ်သန်းခွင့်မပြုသည့် အပေါ်တွင် KNPP မှ ၎င်း၏ တပ်ဖွဲ့ အတွင်း ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ကာ ထပ်မံ ဆွေးနွေးသွားဦးမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၏ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က “ ကိုးကန့်ဘက်ကို သွားကူမယ်ဆိုတာမျိုးကြောင့် တားတယ်လို့တော့ ကျနော် မသိရ သေးပါဘူး၊ အခုက သူတို့ စည်းရုံးရေးဆင်းမယ့် ရွာတွေက များတယ်၊ ပြီးတော့ ယူနီဖောင်းနဲ့ လက်နက် အပြည့် နဲ့ သွားမယ်ဆိုတော့ အစိုးရဘက်က ခွင့်ပြုဖို့ ခက်ခဲတာကြောင့်ပါ၊ ဒီလိုပဲ ကျနော် မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
KNPP တပ်ဖွဲ့ဝင်များသည် ယခုလဆန်းပိုင်းကစပြီး ရှားတောမြို့နယ်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်နက်များကိုင်ဆောင်လာသည့် ၎င်းတို့အပေါ် ဒေသအခြေစိုက်တပ်မတော် တပ်ရင်းများက သဘောမတွေ့သဖြင့် တင်းမာမှုများ စတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
KNPP သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင်လည်း ပါဝင်သည်။
အစိုးရနှင့် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် လက်မှတ်ထိုးထားသည်။