အစိုးရနှင့် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများ ဆွေးနွေးရန် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ဇွန်လ ၂၄ ရက်က ရောက်ရှိလာကြောင်း သိရသည်။
“မိုင်းတုံမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေကို အဓိကထား ဆွေးနွေးမှာပါ” ဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်က UWSA ၏ အဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ် အတွင်း၌ သစ်ခုတ်နေရာ အစိုးရ တပ်မတော်မှ “ဝ” တပ်ဖွဲ့ဝင် ၁၆ ဦးတို့ကို ဖမ်းဆီးသွားပြီး တရားစွဲဆိုရန် ပြုလုပ်နေသဖြင့် အပြန်အလှန် စစ်ရေးတင်းမာလာခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးထားသူ အားလုံးကို တပ်မတော်ဘက်မှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(တောင်ပိုင်း)ရှိ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နမ့်ဆိုင်ဒေသ သစ်တောကြိုးဝိုင်း၊ မိုင်းခေတ် ၊မိုင်းဟန်၊ နားပါကောင် ဒေသအတွင်းတွင် တပ်မတော်နှင့် UWSA တပ်များ အင်အားတိုးချဲ့ ချထားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်ဟု ဦးအောင်မြင့်က ပြောသည်။