သမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ကို တိုင်းရင်းသား အားလုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အတွက် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့(MNDAA)ကို ကိုယ်တိုင် ဖိတ်ခေါ်သွားမည်ဟု ကတိပြုထား သော်လည်း ယနေ့အထိ MNDAA ထံသို့ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။
MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက“သမ္မတဘက်က အစိုးရဘက်က ကျနော်တို့နဲ့ ဆွေးနွေးမယ်၊ ဖိတ်ခေါ်မယ် ဆိုတာတွေက ကောလာဟလပါ။ အခုထိ ဘာတခုမှ ပြောဆိုလာတာ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က နေပြည်တော်ရှိ Myanmar Convention Center-2 တွင် ကျင်းပခဲ့ သည့် NCA လက်မှတ် ရေးထိုးနိုင်ရေး၊ အားလုံး ပါဝင်ရေးမူကို ဆွေးနွေးရာတွင် MNDAA ခေါင်းဆောင်ကို ရက်ပိုင်းအတွင်း သမ္မတ ကိုယ်တိုင် တွေ့ဆုံ၍ ဆွေးနွေးသွားမည်ဟု တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကို ကတိပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။
MNDAA ၏ မဟာမိတ်များဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ကို ပဏာမ အပစ်ရပ် ညှိနှိုင်းမှုပြုလုပ်ပြီး ရကိ္ခုင့် တပ်မတော်(AA)ကို နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဟု ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ(UPWC) အဖွဲ့ဝင် တချို့ကလည်း သမ္မတ ဦးသိန်းစိန်က MNDAAနှင့် ဆွေးနွေးနေပြီဟုလည်း ဧရာဝတီကို ပြောဆိုထားသည်။
ဦးထွန်းမြတ်လင်းကမူ ၎င်းတို့ MNDAA အဖွဲ့အနေဖြင့် အစိုးရအဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံပြောဆိုတော့မည် မဟုတ် ဘဲ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) အစည်းအဝေးသို့ တင်ပြကာ တိုင်းရင်းသား အဖွဲ့အားလုံး၏ အဆုံးအဖြတ်ကို သာ အတည်ယူသွားမည်ဟု ဆိုသည်။
လက်ရှိတွင် NCA ကို အောက်တိုဘာလ ပထမပတ်တွင် လက်မှတ်ရေးထိုးရန် တိုင်းရင်သား လက်နက်ကိုင် ၁၅ ဖွဲ့ကို သမ္မတက ဖိတ်ခေါ်ထားပြီး တိုင်းရင်းသားတို့အကြား အဖွဲ့အားလုံး မပါဝင်သော်လည်း NCA လက်မှတ်ထိုးချင်သည့် အဖွဲ့များနှင့် အဖွဲ့အားလုံး ပါမှ လက်မှတ်ထိုးလိုသည့် အဖွဲ့များ ကွဲပြားလျက် ရှိနေသည်။
ရခိုင် လွတ်မြောက်ရေး တပ်မတော်(ALP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက“ဗဟိုကော်မတီ အစည်းအဝေးအရ တဖွဲ့ချင်းစီဆိုလည်း လက်မှတ်ထိုးမယ်ဆိုတာ မူက ကျထားပြီးသား။ အခု မထိုးချင်တဲ့ အဖွဲ့တွေကလည်း ရှိနေတော့ SD အစည်းအဝေး ဆုံးဖြတ်ချက်ကို စောင့်ရမယ်။ အတိအကျပြောဖို့ အရမ်း ခက်နေတယ်”ဟု ပြောသည်။
UPWC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက NCA ကို လက်မှတ်ထိုး မထိုးဆိုသည်မှာ တိုင်းရင်းသား တဖွဲ့ချင်းစီအပေါ်တွင် သာ မူတည်ပြီး လာရောက် လက်မှတ်ထိုးသူများနှင့်သာ NCA ကို ဆောင်ရွက်သွားမည်ဟုလည်း စက်တင်ဘာလ ၁၄ ရက်နေ့က ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသားများအကြား အဖွဲ့အားလုံးမပါဝင်သော်လည်း လက်မှတ်ထိုးလိုသည့် အဖွဲ့နှင့် အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးလိုသည့် အဖွဲ့ များ ကွဲပြားနေသဖြင့် တိုင်းရင်းသားတို့၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD)က စက်တင်ဘာလ ၂၄ ရက်မှ စ၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိပ်သီး အစည်းအဝေး တခု ပြုလုပ်သွားရန် ရှိသည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးသို့ MNDAA မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဟု သိရသည်။
ထိုအစည်းအဝေးအပြီးမှ သာလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ လက်မှတ်ထိုးမည်အဖွဲ့နှင့် လက်မှတ်မထိုးမည့် အဖွဲ့များကို ကွဲကွဲပြားပြားသိရမည်ဟုလည်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။