မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများသည် လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ဖိနှိပ်ခံရသော လုပ်ငန်းခွင်ဝန်းကျင်ကို ကြုံတွေ့နေရကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်နေသည့်အဖွဲ့အစည်းများက ထောက်ပြ ပြောဆိုကြသည်။
နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သော Oxfam အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ Private Sector Policy Advisor ဖြစ်သူ Ms.Daisy Gardener က “ကျမတို့ကောက်ယူတဲ့ စစ်တမ်းအရ အထည်ချုပ်လုပ်သားတွေဟာ တနေ့ကို အလုပ်ချိန် ၁၁ နာရီ နဲ့ တပတ်မှာ ၆ ရက် အလုပ်လုပ်နေရတယ်။ အလုပ် သမားထက်ဝက်ခန့်ဟာ အကြွေးတွေရှိနေပြီး အဲဒီချေးငွေတွေနဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအစာ၊ သွားလာရေးနဲ့ နေထိုင်ရေး ကိစ္စတွေမှာ အသုံးပြုနေရတာ။ လုပ်ခလစာ က နည်းနည်းပဲရှိပြီး သူတို့တွေအတွက် လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များနဲ့ ဖိနှိပ်ခံ ရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ကြုံတွေ့နေရတယ်”ဟု ယမန်နေ့က ရန်ကုန်မြို့ Green Hill Hotel တွင်ပြုလုပ်သည့် ရှင်းလင်းပွဲ ၌ ပြောသည်။
“မြန်မာပြည်တွင်ပြုလုပ်သည် – အထည်ချုပ် အလုပ်သမားများအတွက် ဆင်းရဲတွင်း၌ အမြစ်တွယ်စေခြင်းလား သို့မဟုတ် သင့်တင့် လျောက်ပတ်သော လုပ်ငန်းများလား” အမည်ရှိ အစီရင်ခံစာထုတ်ပြန်သည့် ရှင်းလင်းပွဲ ဖြစ်သည်။
ထိုအစီရင်ခံစာသည် ဆင်းရဲနွမ်းပါးမှု နှင့် တရားမျှတမှုကင်းမဲ့သည့် ကိစ္စများဆိုင်ရာ အကောင်းဆုံးအဖြေရှာနိုင်ရေး ဆောင်ရွက်နေ သော Oxfam အမည်ရှိအဖွဲ့ နှင့် အလုပ်သမားရေးရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ စက်မှုဇုန် နယ်မြေများဖြစ်သည့် ဒဂုံ ဆိပ်ကမ်း၊ ရွှေလင်ပန်း၊ မင်္ဂလာဒုံ၊ ပဲခူး၊ သီလဝါနှင့် လှိုင်သာယာမြို့နယ်များတွင် ဖွင့်လှစ်ထားသည့် စက်ရုံပေါင်း ၂၂ ရုံမှ အလုပ် သမား ၁၂၀ ကျော်ကို သဘောထားစစ်တမ်းများ ကောက်ယူပြီး ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာတွင် အလုပ်သမားများသည် နေထိုင်ရေးတခုတည်းအတွက်ပင် ၎င်းတို့၏ လစာထက်ဝက်ကျော်ကို အသုံးပြုနေရကြောင်း၊ အလုပ်သမား ၄ ဦးတွင် ၁ ဦးသည် အတင်းအဓမ္မ အချိန်ပိုစေခိုင်းခံနေရပြီး တချို့မှာ အချိန်ပိုကြေးမရဘဲ အချိန်ပိုအလုပ်များ လုပ်နေရကြောင်း၊ စားဝတ်နေရေး၊ လုပ်ငန်းခွင်လုံခြုံရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုလည်း နည်းပါးနေကြောင်း ဖော်ပြထားသည်။
“အထက်ပိုင်းက ပြုပြင်ပြောင်းလဲချင်တယ်ဆိုပြီး လုပ်နေပေမယ့် အောက်ခြေအဆင့်တွေက ပြုပြင်ပြောင်းလဲချင်စိတ်မှ မရှိတာ။ အလုပ် သမားတွေဟာ ဖိနှိပ်ခံနေရတယ်။ အနာဂတ်အာမခံချက်မရှိဘူး”ဟု အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော် မတီ (CCTU) မှ တာဝန်ရှိသူ ဦးရဲနိုင်ဝင်း က ပြောသည်။
စက်တင်ဘာလ က တိုးမြှင့်သတ်မှတ်လိုက်သည့် အနည်းဆုံးအခကြေးငွေ ဥပဒေအရ အခြေခံအလုပ်သမားတဦးလျှင် အချိန်ပိုကြေး အပါအဝင် တလလျှင် ၁၂၂၀၀၀ ကျပ်ခန့် ရရှိသော်လည်း ကျန်းမာရေးစရိတ်၊ ဖယ်ရီစီစဉ်ပေးမှုကို အလုပ်ရှင်များက မပြုလုပ်ပေး တော့ ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများ၌ လာရောက် လုပ်ကိုင်နေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် အလုပ်သမား အခွင့် အရေး များကို ချိုးဖောက်နေကြောင်း အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများ က ဝေဖန် ပြောဆိုနေကြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ၏ ညံံံ့ဖျင်းသောအခြေအနေများ၊ တရားဥပဒေစိုးမိုးမှုအားနည်း ခြင်းနှင့် အခြေခံအလုပ်သမားအခွင့်အရေးများကို အလေးထားမှုကင်းမဲ့ခြင်း စသည့် အချက်အလက်များကို ကြည့်သော စီးပွားရေး လုပ်ငန်းများ မဖြစ်သင့်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများအပေါ် ဈေးနှုန်းသက်သာသောနည်းခြင့် လုပ်ဆောင်ပါက စက်ရုံအတွင်း မတော်တဆမှုများ၊ လူမှုရေး ဆူပူအုံကြွမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အစီရင်ခံစာ က သုံးသပ် ထားသည်။
ထို့အပြင် နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ခန့်ထားသည့် အလုပ်သမားများသည် တိုးတက်ဖွံ့ဖြိုးလာသော ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရမည့်အစား ပို၍ ခေါင်းပုံဖြတ်ခံရမှုကြုံတွေ့ပြီး ဆင်းရဲနွမ်းပါးမှုများ ဆက်လက်ကြုံတွေ့ရနိုင်ကြောင်းလည်း အစီရင်ခံစာ တွင် သုံးသပ် ထားသည်။
Oxfam သည် ဆင်းရဲနွမ်းပါးမှုနှင့် မတရားမှုများ အတွက် ရေရှည်ဖြေရှင်းနည်းများ ရှာဖွေဖော်ထုတ်ရန် နိုင်ငံပေါင်း ၉၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်၍ Oxfam in Myanmar ဆိုသည့် ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုကို ကူညီပံ့ပိုးပေးရန် စတင်ဖွင့်လှစ်ခဲ့သော အဖွဲ့အစည်း တခုလည်း ဖြစ်သည်။