လာမည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကလေး ၁၇ သန်းကျော် ကာကွယ်ဆေးထိုးရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်းခန့်အထိ အကုန်အကျခံ သုံးစွဲသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက် ၅ နှစ်အောက် ကလေးများ သေဆုံးမှု အများဆုံးဖြစ်စေသည့် ရောဂါများမှ ကာ ကွယ် ပေးနိုင်သည့် ကာကွယ်ဆေးထိုး တိုက်ကျွေးမှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ် စံချိန် စံညွှန်း များအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“၂၀၁၅မှာ ရောဂါပိုး ၁၃ မျိုးအထိ ကာကွယ်ဆေးထိုး လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့တယ်၊ နောက် မွေးကင်းစ ကလေး မေးခိုင်ရောဂါကိုလည်း ပြည်သူ့ကျန်းမာရေး ပြသနာအဖြစ်ကနေ ၉၅ ရာခိုင်နှုန်းအထိ ၂၀၁၀ ပြည့်နှစ်က စတင်ပြီး လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။
မြန်မာနိုင်ငံသည် ယခုအခါ ကာကွယ်ဆေးထိုးလုပ်ငန်းများ လုပ်ဆောင်နေမှုသည် အာဆီယံဒေသတွင်း နိုင်ငံများအတိုင်း ဆောင်ရွက်ပေးနိုင်နေပြီး ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းကို အစီအစဉ်နှစ်ခုဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်းခန့် သုံးစွဲကုန်ကျရန် လျာထားသောကြောင့် ကလေးတဦးအတွက် ကာကွယ်ဆေးဖိုး ကုန်ကျမှုသည် ၇ ဒေါ်လာခန့်ရှိကြောင်း၊ နိုင်ငံတော် ဘဏ္ဍာခွဲဝေသုံးစွဲမှုတွင် ကျန်းမာရေး အသုံးစရိတ်အား ယခုဘဏ္ဍာနှစ်တွင် ၂ဝ၁ဝ- ၂၀၁၁ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ထက် ၈ ဒသမ ၇ ဆခန့် အထိ ပိုသုံးစွဲနိုင်ခဲ့ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ဆက်ပြောသည်။
ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသက် ၉ လမှ (၁၅) နှစ်အရွယ် ကလေးသူငယ်ပေါင်း ၁၇ ဒသမ ၄ သန်းခန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မွေးဖွားနေသည့် ကလေးဦးရေ ၁ ဒသမ ၁ သန်းတွင် ခန့်မှန်းခြေ ဝက်သက်ရောဂါ ဖြစ်ပွားမှု နှုန်းမှာ ၈၅ ရာခိုင်နှုန်းခန့်နှင့် ဂျိုက်သိုးရောဂါ ဖြစ်ပွားနှုန်းသည် ၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း ၂၀၁၂- ၂၀၁၃ ခုနှစ်က ကောက်ယူထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းဇယားများအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၄ ခုနှစ်မတ်လမှစတင်၍ မြန်မာနိုင်ငံကို ပိုလီယိုရောဂါ အရိုင်းပိုး ကင်းစင်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။