တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် တွင် ရှယ်ခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးပုဒ်မဖြင့် ထောင်ဒဏ် ၆လ ချမှတ်ခံခဲ့ရသည့် ဦးပက်ထရစ်ခွန်ဂျာလီ သည် ဧပြီ ၁ ရက်နေ့ အင်းစိန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ထောင်မှာစုံစမ်းကြည့်လိုက်တော့ မနက်ဖြန် လွတ်မယ်လို့ ပြောပါတယ်။ သူ့မိသားစုကတော့ မနက် ၆ နာရီလောက် ကတည်းက သွားစောင့်မယ်လို့ပြောပါတယ်။ ရက်ပြည့်ပြီးလွတ်တာပါ” ဟု ဦးပက်ထရစ်ခွန်ဂျာလီ၏ ရှေ့နေ ဦးအယ်ခွန်ရိန်းပန်က ဧရာဝတီသို့ ပြောသည်။
ဦးခွန်ဂျာလီသည် ချုပ်ရက်ပြည့်သည့်အတွက် ပြန်လည်လွတ်မြောက်ခြင်းဖြစ်ပြီး ဧပြီ ၁ ရက်တွင် အကျဉ်းသားများ လွှတ်ပေးမည်ဟူသည့် ကောလာဟလသတင်းများနှင့် မသက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၁၀ ရပ်ကွက်တွင်နေထိုင်သည့် ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားသူကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဦးခွန်ဂျာလီကို တပ်ချုပ်ပုံအား ခြေဖြင့်နင်းထားသည့်ပုံကို လူမှုကွန်ရက်စာမျက်နှာပေါ် ဖြန့်ဝေခဲ့ သည်ဟု ဆိုကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက တရားလို ပြု တိုင်ကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ရုံးထုတ်စစ်ဆေးချိန်များတွင် ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေအနေကြောင့် ၎င်း၏ရှေ့နေက အာမခံပေးရန် အကြိမ် ကြိမ်လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ဦးခွန်ဂျာလီအနေဖြင့် အပြစ်မရှိကြောင်းကို သက်သေပြရန် ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် အယူခံဝင်ခဲ့ကြောင်း၊ ယင်း အယူခံအမှုကို ဧပြီလ ၇ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။