အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO ) က ပြည်တွင်း ဧည့်လမ်းညွှန်များကို အဆင့်အလိုက် ခွဲခြား သတ်မှတ် မည့်အပေါ် သဘောတူညီမှုမရှိသဖြင့် လက်မှတ်ထိုး ကန့်ကွက်ထားကြောင်း ဧည့်လမ်းညွှန်များက ပြောသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း အတွင်းရေးမှူး (၁) မသိင်္ဂီဦးက “သူတို့ ရည်ရွယ်ချက်က ကောင်းတယ်။ ဒါပေမယ့် ဘာမှပြင်ဆင်ထားခြင်း မရှိဘူး။ ဧည့်လမ်းညွှန်တွေ သိချင်တာကို အမေးနဲ့အဖြေ မကိုက်ဘဲ ဖြစ်နေတယ်။ ကာလရှည် အတွက်ပဲ ပြောနေတယ်။ ဒါကြောင့် ၉၀ ရာခိုင်နှုန်းလောက်က သူတို့ကို သဘောမတူဘူး။ နောက်ပြီး ILO နဲ့က ကဏ္ဍ လည်း မတူတော့ လက်မခံနိုင်ကြဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန၊ ILO နှင့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှ သဘောတူညီမှု မရရှိဘဲ ဧည့်လမ်းညွှန်များက ကန့်ကွက် ကြခြင်း ဖြစ်သည်။
ထိုသို့ အဆင့်ခွဲခြား သတ်မှတ်မည် ဆိုသော်လည်း မည်သို့ သတ်မှတ်မည် ဆိုသည်ကိုမူ အသေးစိတ် မသိရှိရပေ။
စီနီယာ ဧည့်လမ်းညွှန် တဦးဖြစ်သူ ကိုသီဟကျော်ဝင်းက “အများစုက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့တယ်။ သူတို့က အဆင့်ခွဲချင်တာ။ အဆင့်ခွဲတော့ ပိုက်ဆံပိုရနိုင်မလား။ ခရီးသွားကုမ္ပဏီက Tour ပိုပေးမှာလား။ စီးပွားရေး အာမခံချက်က ဘာရှိနေလဲဆိုတဲ့ အချက်တွေကို ILO ဘက်က ဘာမှမပြောသွားဘူး” ဟု ဆိုသည်။
ဧည့်လမ်းညွှန်များကို ILO က အဆင့်အလိုက် သတ်မှတ်ခြင်း လုပ်ငန်းစီမံချက်သည် အာဆီယံနိုင်ငံများ စံချိန်စံညွှန်အတိုင်း လိုက်မီစေရန်၊ အာဆီယံနှင့် နည်းလမ်းပုံစံအတိုင်း တူညီလာစေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် စီမံချက်တခုဖြစ်ကြောင်း သိရသည်။
ထိုသို့အဆင့်သတ်မှတ် လိုက်ပါက ရရှိလာနိုင်သည့် အကျိုးကျေးဇူး၊ နိုင်ငံတကာပုံစံအတိုင်း ဝင်ငွေရလာနိုင်မှု အခြေအနေ ရှိမရှိကို ဧည့်လမ်းညွှန်များက သိရှိလိုသော်လည်း ILO နှင့် ဟိုတယ်/ခရီး ဝန်ကြီးဌာနမှ တက်ရောက် လာကြသူများ ဘက် က တိတိကျကျ ရှင်းလင်းနိုင်ခြင်း မရှိကြောင်း ဧည့်လမ်းညွှန်များက ပြောဆိုသည်။
“အခုသူတို့ လုပ်တဲ့ဟာက တနိုင်ငံလုံး အတိုင်းအတာမှာရှိတဲ့ ဧည့်လမ်းညွှန်တွေရော သူတို့ စစ်တမ်းတောင် ကောက်ပြီး ပြီလား ဆိုတာလည်း မသိရဘူး။ အခုက ဧည့်လမ်းညွှန်လုပ်ငန်းမှာ အော်ပရေးရှင်းပိုင်းတွေပါ ထည့်ထားတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဂျာမန် ဧည့်လမ်းညွှန် တဦးဖြစ်သည့် မနွယ်နီက ပြောသည်။
မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန်လိုင်စင် ရယူထားသူ ၉,၀၀၀ နီးပါး ရှိသော်လည်း လက်ရှိ၌ လုပ်ငန်း လုပ်ကိုင်နေသည့် ဧည့် လမ်းညွှန်ပေါင်း ၄,၀၀၀ ခန့်သာ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ILO ၏ အဆင့်သတ်မှတ်မှု အစီအစဉ်နှင့် ပတ်သက်ပြီး ကိုသီဟကျော်ဝင်းက “အနာဂတ်အတွက်တော့ ကောင်းတယ်။ တခြားနိုင်ငံရဲ့ဟာကို လေ့လာခွင့် ရလာမယ်။ မအောင်မြင်သေးတဲ့ ဧည့်လမ်းညွှန်တွေ အတွက်က စိုးရိမ်စရာ ဖြစ်နေတော့ လက်တွေ့ မကျဘူးလို့ ထင်တယ်”ဟု ပြောဆိုသည်။
ပြည်တွင်း၌ ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်နေသည့် ပုံစံအများစုသည် ခရီးသွားကုမ္ပဏီနှင့် ဧည့်လမ်းညွှန်တို့ကြား အဆင်ပြေသည့်ပုံစံဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်များအတွက် ခရီးသွား ကုမ္ပဏီများသည် အရေးပါသော ကဏ္ဍ တခုဖြစ်သော်လည်း ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (MATA) က တက်ရောက်ခြင်း မရှိခဲ့ပေ။