အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟို အောင်နိုင်ရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခဲ့ကြောင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
လှိုင်မြို့နယ် ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက “ဖမ်းဆီးတဲ့ အကြောင်းကတော့ ၆၆ (ဃ) ပဲဗျ။ အမှုတွဲကို အမှုစစ်က စစ်ဆေးနေဆဲ ဖြစ်တာကြောင့် ဆက်သွယ်ရေး ဥပဒေနဲ့ ဆွဲထားတာကိုပဲ သိရသေးတယ်။ ဘယ်အကြောင်းအရာနဲ့ ဖြစ်ထားတယ် ဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမျိုးရန်နောင်သိမ်းသည် ယနေ့မွန်းလွဲပိုင်း က ယုဇနဟိုတယ်ရှိ ကော်ဖီဆိုင်တွင် မိတ်ဆွေ နှစ်ဦးနှင့် အတူ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင် တချို့က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဦးမျိုးရန်နောင်သိမ်း နှင့် အတူ ရှိနေခဲ့သည့် ဦးနေမိုးအောင် က ဧရာဝတီသို့ ပြောသည်။
ဦးနေမိုးအောင် က “လာခေါ်တဲ့ အရာရှိပြောတာတော့ ဖေ့စ်ဘုတ်ပေါ်က ပို့စ်ကြောင့် ပုဒ်မ ၆၆ (ဃ) နဲ့ လာခေါ်တာပါလို့ ပြောပြီး ခေါ်သွားတာပါ။ လက်ရှိအထိ ဘာအတွက်နဲ့ လာခေါ်တာလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။
ပုဒ်မ ၆၆(ဃ) သည် မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ဦးမျိုးရန်နောင်သိမ်းသည် NLD ဗဟို အောင်နိုင်ရေးအဖွဲ့၏ အဖွဲ့ဝင် တဦး ဖြစ်သကဲ့သို့ NLD ဗဟို သုတေသန လမ်းညွှန် အဖွဲ့၏ အတွင်းရေးမှူး တာဝန်ကိုလည်း လက်ရှိ ထမ်းဆောင်နေသည်။ ဗေဒါ အင်စတီကျုကို တည်ထောင်ခဲ့သူတဦးလည်း ဖြစ်သည်။
ဦးမျိုးရန်နောင်သိမ်းသည် လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် Myo Yan Naung Thein အမည်ဖြင့် အကောင့် တခုဖွင့်ထားသည်ကို တွေ့ရသကဲ့သို့ Facebook တွင် Myo Yan Naung Thein အမည်ဖြင့်ပင် Fan Peage တခု ဖွင့်ထားသည်ကို တွေ့ရသည်။