ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်(၄)ရှိ Good Morning အမှတ်တံဆိပ်ဖြင့် ပေါင်မုန့်၊ ကိတ်မုန့် စသည့် စားသောက်ကုန်များ ထုတ်လုပ်သည့် Myanmar Mayson Industries Co.Ltd တွင် အလုပ်သမားများ အလုပ်ထုတ်ခံရသဖြင့် ဆန္ဒပြကြကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင်လုပ်ကိုင်နေသည့် အလုပ်သမား ၁၉၃ ဦးသည် မတ်လ ၈ ရက်နေ့က အလုပ်ထုတ် ခံရသဖြင့် ၎င်းတို့အပါအဝင် အလုပ်သမား ၄၀၀ ခန့်က မတ်လ ၉ ရက်နေ့၌ စက်ရုံရှေ့တွင် စတင် ဆန္ဒပြခြင်းဖြစ်ကြောင်း Myanmar Mayson ကုမ္ပဏီ အခြေခံအလုပ်သမားအဖွဲ့ အတွင်းရေးမှုး ဦးကျော်ကျော်က ပြောသည်။
“၈ ရက်နေ့က အလုပ်သမား ၁၉၃ ဦးကို အလုပ်ထုတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စတင် ဆန္ဒပြခဲ့တာပါ။ လူအင်အားတွေ ပိုလျှံနေတဲ့အတွက် ထုတ်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် ကြိုတင် အကြောင်းကြားတာမျိုးတောင် မရှိခဲ့ဘူး”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “လျော်ကြေးကတော့ ဥပဒေပါအတိုင်းပေါ့။ လုပ်သက်နဲ့ နှစ်အလိုက် ပေးတာပေါ့။ ဖြုတ်တဲ့အထဲမှာ ၁၉ နှစ်၊ ၁၈ နှစ်၊ ၁၇ နှစ် အဲဒီလိုလူတွေလည်း ပါတယ်။ ပေးမှာကတော့ ထုတ်တဲ့သူ ၁၉၃ ယောက် လုံးကို ပေးမှာပါ” ဟု ၎င်းက ပြောသည်။
စက်မှုဇုန်(၁)နှင့် ရွှေသံလွင်စက်မှုဇုန်တို့ရှိ စက်ရုံများတွင် စက်များဖြင့်သာ လည်ပတ်နေ၍ ထိုစက်ရုံကိုလည်း လက်ဖြင့် လုပ်ကိုင်နေရာမှ စက်ဖြင့်သာ ပြောင်းလဲလုပ်ကိုင်လိုသဖြင့် ပိုလျှံနေသည့် အလုပ်သမားများ လျှော့ချခြင်းဖြစ်သည်ဟု အကြောင်းပြချက်ဖြင့် အလုပ်သမားများအား အလုပ်ထုတ်လိုက်ခြင်းဖြစ် ကြောင်း စက်ရုံလုပ်သားများထံမှ သိရသည်။
အလုပ်ထုတ်ခံရသူများတွင် လုပ်သက် ၁၀ နှစ်ကျော်ရှိ အလုပ်သမားများပါ ပါဝင်ပြီး အခြေခံလစာမှာ ၁၀၈၀၀၀ ကျပ်ဝန်းကျင်ရှိကာ နှစ်အလိုက် လျော်ကြေးပေးမည်ဟု ဆိုသော်လည်း အလုပ်လက်မဲ့ မဖြစ်လို၍ အလုပ်သာ ပြန်လည်ရရှိလိုကြောင်း အဆိုပါစက်ရုံတွင် ၁၂ နှစ်ကြာ လုပ်ကိုင်နေသည့် မသီရိကေခိုင်က ပြောသည်။
“ဟိုးအော်ဒါ နည်းနည်းလေးကတည်းက လုပ်ခဲ့တာ။ ၁၂ နှစ်လုံးလုံး သူတို့ပြောတဲ့ ခွင့်တို့၊ အပြစ်တို့ ဘာတခုမှ မရှိခဲ့ဘူး။ သူတို့ရဲ့ မုန့်လုပ်ငန်းကလည်း ရပ်တန့်သွားတာမဟုတ်ဘဲနဲ့ အထုတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။
ဆန္ဒပြအလုပ်သမားများသည် မတ်လ ၈ ရက်နေ့တွင် အလုပ်ထုတ်ကြောင်း သိရှိခဲ့ရပြီးနောက် မတ်လ ၉ ရက်နေ့တွင် စတင်ဆန္ဒပြခြင်းဖြစ်ကာ အလုပ်နေရာ ပြန်လည်မရရှှိသရွေ့ဆက်လက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။