ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်းအုပ်စု၊ အိမ်တစ်လုံးစက်ကုန်းကျေးရွာတွင် ပြုလုပ်သည့် ရှင်အပါး ၅၀၀ အလှူ၌ ကျွေးမွေးသည့် အလှူထမင်း၊ ဟင်း စားသောက်ခဲ့သည့် လူ ၂၅၀ ကျော် အစာ အဆိပ်သင့်မှု ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“အစာအဆိပ်သင့်တာက လူ ၂၅၀ ကျော်ရှိတယ်။ လူနာများလွန်းလို့ ကားတွေနဲ့ သယ်လို့ မနိုင်တော့ဘူး။ မြောင်းမြက လူမှုရေးအသင်းတွေရော ဌာနဆိုင်ရာတွေရော လူနာတွေဆေးရုံရောက်ဖို့ ဝိုင်းဝန်းကူညီ ပေးကြပါတယ်။ ကျနော်တို့ကတော့ ရေသန့်ဘူးတွေမှာ ဓာတ်ဆားထုပ်တွေ ဖျော်ပေးပြီး လူနာတွေကို လိုက်ဝေပေးတယ်။ လမ်းရှင်းပေးတာ၊ နေရာထိုင်ခင်းနဲ့ လုံခြုံရေးယူပေးတာတွေ ချက်ချင်း စီစဉ်ပေးရ တာပေါ့”ဟု မြောင်းမြ မြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ဧရာဝတီကို ပြောသည်။
အစာအဆိပ်သင့်သည့်လူနာရောက်ရှိမှု များပြားသည့်အတွက် မြောင်းမြဆေးရုံတွင် နေရာ မဆန့်သဖြင့် ဆေးရုံအပြင်ဘက် ပရဝုဏ် အတွင်း ညတွင်းချင်း ရွက်ဖျင်တဲများ ထိုး၍ လက်ခံကုသပေးခဲ့ရကြောင်း၊ သက်သာသည့် လူနာတချို့ကို မြောင်းမြမြို့ ရွှေသာလျောင်းဘုရား ဓမ္မာရုံအတွင်းသို့ ဒေသဆိုင်ရာ တာဝန်ရှိသူများက နေရာချပေးထားကြောင်း သိရသည်။
အလှူတွင် ကျွေးမွေးခဲ့သည့် ငါးသလောက်ပေါင်း၊ မဲဇလီရွက်ဟင်းချို၊ ငံပြာရည်ကြော်နှင့် တို့စရာ ဟင်းသီး ဟင်းရွက်များ ကျွေးမွေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အစားအစာကြောင့် အစာအဆိပ်ဖြစ်ရသည်ကို ဆေးရုံ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း မြောင်းမြဒေသခံများကပြောသည်။
“အလှူထမင်းဟင်းက မနက်ပိုင်းလည်း စားကြတယ်။ ဘာမှမဖြစ်ကြဘူး။ ညနေပိုင်းစားတော့မှ အစာ အဆိပ်သင့်တာတွေ ဖြစ်ကုန်တာ။ ဘယ်အစားအစာကြောင့် အစာအဆိပ်ဖြစ်ရတယ်ဆိုတာတော့ ဆေးရုံက မပြောဘူး”ဟု မြောင်းမြမြို့ခံ ကိုရွှေထူးက ပြောသည်။
ဆေးရုံတက်ရောက်ကုသသူ ၂၅၀ ကျော်အနက် ယနေ့ မနက်ပိုင်းတွင် လူနာ ၁၃ ဦးသာ ဆက်လက် ဆေးကုသမှုခံယူနေပြီး ကျန်လူနာများအားလုံး ရောဂါသက်သာသဖြင့် နေအိမ်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပေါ်တော်မူကျေးရွာနှင့် သရက်ချောင်းကျေးရွာ မူလတန်းကျောင်းများတွင် ရန်ကုန်မြို့မှ မှာယူသော ခေါက်ဆွဲကြော် လှူဒါန်း ကျွေးမွေးရာ ကျောင်းသား ၉၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့်အတွက် ကန်ကြီးထောင့်မြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။