ထိုင်ဝမ်လွှတ်တော်က ခွေးသားနှင့် ကြောင်သား ရောင်းချခြင်း နှင့် စားသုံးခြင်းကို အတိအလင်း တားမြစ်လိုက်ပြီး တိရိစ္ဆာန်ညှဉ်းပန်း နှိပ်စက်မှု အတွက် ပြစ်ဒဏ်ကို လည်း တိုးမြှင့်လိုက်သည်။
ဧပြီလ ၁၁ ရက်နေ့တွင် အတည် ပြုခဲ့သည့် ဥပဒေ ပြင်ဆင်ချက်အရ ခွေးသား နှင့် ကြောင်သားများကို ရောင်းချသူများ အနေဖြင့် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၅၀ ၀၀၀ (အမေရိကန် ဒေါ်လာ ၈၀၀၀) အထိ ပေးဆောင်ရမည် ဖြစ်ပြီး သူတို့၏ ဓာတ်ပုံများ နှင့် အမည်များကို လူသိရှင်ကြား ကြေညာသွားမည် ဖြစ်သည်။
ထို့အပြင် တိရိစ္ဆာန်များကို ကြိုးနှင့်ဆွဲ၍ (လမ်းလျှောက် မသွားဘဲ) ကားမောင်းသူများ၊ ဆိုင်ကယ်စီးသူများ ကိုလည်း ထိုင်ဝမ်ဒေါ်လာ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) ဒဏ် ရိုက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရည်ရွယ်ချက်ရှိရှိဖြင့် တိရိစ္ဆာန်များကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့ပါက အမြင့်ဆုံး ပြစ်ဒဏ် ၂ဆတိုး၍ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂ သန်း (အမေရိကန်ဒေါ်လာ ၆၅၀၀၀) ကျခံစေရန် ထိုင်ဝမ် လွှတ်တော်က တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်သည်။
ထိုင်ဝမ်တွင် ခွေးသားနှင့် ကြောင်သား စားသုံးမှုက တွင်ကျယ်ခြင်း မရှိသော်လည်း ယခုကဲ့သို့ ဥပဒေပြင်ဆင် သတ်မှတ် လိုက်ခြင်းက တိရိစ္ဆာန်တို့ အပေါ် ပြုမူဆက်ဆံမှု နှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးလာသည်ကို ညွှန်ပြနေခြင်း ဖြစ်သည်။ ထိုင်ဝမ် နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း သိသိသာသာကျဆင်းလာခြင်း နှင့် အတူ ချမ်းသာကြွယ်ဝသူအများစု က သူတို့၏ အိမ်မွေး တိရိစ္ဆာန် များအပေါ်တွင် အလေးပေးမှုတိုးလာခဲ့သည်။
သမ္မတ ဆိုင်းအင်ဝမ် ၏ အဖွဲ့ကလည်း ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကာလ အတွင်းတွင် သူ့ကို တိရိစ္ဆာန် ချစ်သူ တဦး အဖြစ်ပုံဖော်ခဲ့ပြီး ဆိုင်းအင်ဝမ် ၏ ကြောင် ၂ ကောင်ကို အဓိကထား၍ ပြခဲ့ကြသည်။ နောက်ပိုင်းတွင် သူက ခွေး ၃ ကောင် ထပ်မွေးခဲ့သည်။