မွန်ပြည်နယ် လွှတ်တော်ရှိ ဦးစီးမှူး တဦးက လွှတ်တော်အတွက် ခန့်အပ်ရန် ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်ပြီး လုပ်ငန်းခွင် ဝင်မည့် ဝန်ထမ်းသစ် များထံမှ တဦးလျှင် ငွေကျပ် ၃ သိန်းစီ ငွေကြေး ကောက်ခံနေသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နေကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့က ဧရာဝတီတို့ အတည်ပြု ပြောကြားသည်။
မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “ခန့်လည်း ခန့်ပြီးပြီ၊ ခန့်စာလည်း ထုတ်ပြီးပြီ၊ အန်တီက စနေနေ့ ညက သိတယ်၊ စုံစမ်းသင့်တာ စုံစမ်းတယ်၊ တနင်္ဂနွေနေ့လည်း အန်တီ စုံစမ်းတယ်၊ တနင်္လာနေ့ အန်တီ ရုံးရောက်တော့ ပြောတယ်၊ ဒီကိစ္စကို အမှန် ဖြစ်အောင် ဖော်ထုတ်မယ် ၊ စုံစမ်း စစ်ဆေး မေးမြန်းမယ်” ဟု ပြောသည်။
လက်ရှိတွင် မိခင်ဌာနဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနထံသို့ ပြန်တော့မည့် တိုင်ကြားခံထားရသူ ဦးစီးမှူး ကိုလည်း ပြဿနာအား ပြီးပြတ်သည် အထိ ဖြေရှင်းရန် စီစဉ် ထားပြီး မူရင်းဌာနသို့ ပြန်ရန်ကိစ္စကို ဆိုင်းငံ့ထားကြောင်း၊ ငွေကြေး တောင်းခံခဲ့ကြောင်း တိုင်ကြားခံထားရသည့် လွှတ်တော် ဦးစီးမှူး ဆိုသူအား စုံစမ်း စစ်ဆေးနေသည့် အခြေ အနေအပေါ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့က လက်ရှိတွင် အသေးစိတ် မှတ်ချက် မပြုလိုသေးကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
“ကျနော်တို့ အတည်ပြုတဲ့ သောကြာ ပြီးတော့ စနေနေ့မှာ အောင်မြင်သွားတဲ့ ကလေးတွေ ဆီကနေ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ညွှန်မှူးတွေကို ကန်တော့ဖို့၊ ဂါဝရပြုဖို့ ဆိုပြီးတော့ တစ်ယောက်ကို ၃ သိန်း တောင်းခံတယ်။ အောက်ခြေ ဝန်ထမ်း ဦးစီးမှူး တယောက်ကနေ ဆိုပြီးတော့ အဲဒီလို သတင်း တက်လာတယ်၊ မနေ့ကလည်း ကျနော် ကလေးတွေနဲ့ သွားတွေ့တယ် ဟိုဘက်ကတော့ အသေအချာ ပြောတယ်။ ကလေး ၅ ယောက်ကို ဦးစီးမှူး ပြောတာက မင်းတို့ တသက်လုံး ဝန်ထမ်း ဖြစ်ပြီ၊ အသက် ၆၀ အထိ ခံစားခွင့် ရပြီ ဆိုတော့ လစာ ၂ လစာ လောက်တော့ ဂါဝရ ပြုသင့်တယ် ဆိုပြီးတော့ ပြောတယ်။” ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး အတည်ပြု ပြောဆိုသည်။
မွန်ပြည်နယ် လွှတ်တော်တွင် လိုအပ်သည့် ဝန်ထမ်းများ ခန့်ထားနိုင်ရေး အတွက် လာရောက်လျှောက်ထား နိုင်ကြောင်း ဇွန်လဆန်း၌ ကြေငြာခဲ့ပြီးနောက်တွင် လျှောက်ထားသူ ၁၆၀ ဦး ရှိခဲ့သည့်အနက် ၁၃၀ ဦးအား ပထမအဆင့် ရေးဖြေ အရည်အချင်း စစ်ဆေးမှုအား ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် စတင် စစ်ဆေး ခဲ့သည်။
ထို့နောက် ဇွန်လ ၂၆ ရက်နေ့တွင် ရေးဖြေ အောင်မြင်သည့် ၃၂ ဦးအား ဆန်ကာတင်အဆင့်အနေဖြင့် နှုတ်ဖြေ တွေ့ဆုံ မေးမြန်းမှုကို ပြုလုပ်ခဲ့ကာ ၃၂ ဦး ထဲမှ အမှတ် အများဆုံး ရရှိသည့် ၉ ဦးအား နောက်ဆုံး အဆင့် ဆန်ကာတင် ရွေးချယ် ခဲ့ကာ လွှတ်တော် ဝန်ထမ်း အဖြစ် ခန့်အပ်ခဲ့သည်။
“ဖြေတုန်းက အားလုံး ပျော်ပျော် ပါးပါးပဲ ဒီအတိုင်း ဖြေနေကြတယ်၊ ရေးဖြေမှာတော့ မေးခွန်း အတူတူပဲ ၊ လွှတ်တော် အကြောင်း မွန်ပြည်နယ် အကြောင်း မေးတယ်၊ နှုတ်ဖြေမှာတော့ ကိုယ်ပြီးထားတဲ့ မေဂျာနဲ့ ဆက်စပ်ပြီးတော့ တယောက်နဲ့ တယောက် မေးခွန်းတွေ မတူကြဘူး၊ ဖြေပြီးတော့လည်း ငွေကြေး တောင်းခံတာ မရှိဘူး၊ ပြီးခဲ့တဲ့ စနေနေ့ လောက်ကမှ ငွေကြေး တောင်းခံတယ် ဆိုပြီး သတင်း တက်လာတာ တွေ့လိုက်ရတယ်” ဟု မွန်ပြည်နယ် လွှတ်တော်ဝန်ထမ်း အဖြစ် လျှောက်ထားကာ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သည့် အမည်မဖော်လိုသူ တဦးက ဧရာဝတီကို ပြောပြသည်။
ငွေတောင်းခံရသည်ဟု တိုင်ကြားသူ ၉ ဦးထဲမှ ၁ ဦးက လွှတ်တော် ဝန်ထမ်းအဖြစ် ဆက်၍ လုပ်ဆောင်မည် ဆိုပါက မိမိအား အညိုးဖြင့် စောင့်ကြည့်ကြမည်ကို စိုးရိမ်၍ လွှတ်တော်ဝန်ထမ်း အဖြစ် လုံးဝ ဆက်မလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီဟု သွားရောက် တွေ့ဆုံခဲ့စဉ် ပြောကြား ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
မွန်ပြည်နယ် လွှတ်တော်တွင် တာဝန် ထမ်းဆောင်ရန် အတွက် ဖွဲ့စည်းပုံပြည့် ဝန်ထမ်းပေါင်း ၆၂ ဦး လိုအပ်သည်။ လွှတ်တော်စတင် ဖွဲ့စည်းစဉ်၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇ ဧပြီ၌ မိခင်ဌာနသို့ ပြန်လိုသူနှင့် လွှတ်တော် ဝန်ထမ်းအဖြစ် ဆက်လက် တည်ရှိလိုသူမျာအား သဘောထားရယူ ခဲ့ရာ၌ ဝန်ထမ်း ၃၀ ကျော်တို့က လွှတ်တော် ဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင် လိုကြောင်း သဘောထား ပေးခဲ့ကြသည့်အတွက် ထပ်မံလိုအပ်သည့် ဝန်ထမ်း အရေအတွက်အား ယခုကဲ့သို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မဟုတ်သည့် သီးခြား လွှတ်တော် ဝန်ထမ်းများအား ၂၀၁၇ နှစ်ကုန်တွင် ခန့်အပ်နိုင်ရေး အတွက် Myanmar Parliament Union က လမ်းညွှန် ထားပြီး မွန်ပြည်နယ် လွှတ်တော်လည်း ထိုသို့ ခန့်အပ် နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဖြစ်စဉ် ပေါ်ပေါက် လာခြင်း ဖြစ်သည်။