မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးသည် မိခင်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ နုတ်ထွက်စာ တင်ထားသည်ဟု ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် မွန်နိုင်ငံရေး ပါတီများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ ၎င်းက တရားဝင် ပြောကြားခဲ့ကြောင်း သိရသည်။
“ မိခင်ပါတီကနေ နုတ်ထွက်ဖို့ နုတ်ထွက်စာ တင်ထားပါတယ်။ မွန်ပါတီတွေကနေ ထုတ်ပယ်ခံထားရတဲ့ လူတွေ တစင် ထောင်ချင်လို့ နိုင်ငံရေး ပါတီသစ်တခု ဖွဲ့မယ် ဆိုတဲ့ စေတနာလည်း မရှိပါဘူး။ ဒီပါတီနှစ်ခုက ပေါင်းစည်းဖို့ အသံသာ ပေးနေပြီး လက်တွေ့မှာ ဘာမှ ဖြစ်မလာဘူး” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
မည်သည့် အကြောင်းရင်းကြောင့် ပါတီမှ နုတ်ထွက်ရန် စဉ်းစားခဲ့သည့်အပေါ် ၎င်းအား ဧရာဝတီက တွေ့ဆုံမေးမြန်းရန် တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် မပြောကြားလိုသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး တာဝန်နှင့် လက်ရှိတွင် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦး၏ နုတ်ထွက်စာကို ယခု လလယ်ခန့်တွင် တင်ပြထားပြီး ပါတီဗဟိုက ထိုနုတ်ထွက်စာကို လက်ခံသည်ဟု ပါတီ တွဲဖက်အတွင်းရေးမှူး ၁ နိုင်စံတင်က ပြောသည်။
“သူ့ဆန္ဒအရ မလုပ်နိုင်တော့ဘူးလို့ တင်ပြလာတာ ကျနော်တို့အနေနဲ့ ပြောစရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် စာက ဗဟိုကို တိုက်ရိုက် တင်ထားတာ ဖြစ်တော့ လုပ်နည်းတော့ လွဲနေတယ်။ မြို့နယ်ရုံးကနေ တဆင့် တင်ပြရမှာဖြစ်လို့ ကျနော်တို့ မြို့နယ်ရုံးကို တရားဝင် ဖြစ်အောင် စာပြန်တောင်းထားတယ်” ဟု နိုင်စံတင်က ဆိုသည်။
ဒေါက်တာ အောင်နိုင်ဦးသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ချောင်းဆုံမြို့နယ်မှ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂ ကြိမ်တိုင် အနိုင်ရထားသည့် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ ပေါင်းစည်းရေးအတွက် တက်ကြွစွာ ထောက်ခံ အားပေး သူလည်း ဖြစ်သည်။
တသီးပုဂ္ဂလ မွန်နိုင်ငံရေး ခေါင်းဆောင်များ စုပေါင်း၍ မွန်ဒေသ အသီးသီးမှ ပြည်သူများအား လက်ရှိ မွန်နိုင်ငံရေး အကျပ်အတည်းများကို လိုက်လံ ရှင်းပြခြင်းနှင့် မွန်နိုင်ငံရေး ပါတီသစ်တခု တည်ထောင်သင့်၊ မသင့်နှင့် ပတ်သက်၍ သဘောထားများ လိုက်လံ ကောက်ယူနေသည့် အဖွဲ့၌လည်း ဒေါက်တာ အောင်နိုင်ဦး ပါဝင်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့များ၌လည်း မွန်အမျိုးသား ပါတီက ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပါတီ ကိုယ်စားပြုရေးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည့် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟိုကော်မတီဝင် ၄ ဦးတို့အား ပါတီမှ အသီးသီး ရပ်စဲခဲ့ကြောင်း သိရသည်။
ဒေါက်တာ မင်းစိုးလင်းအား ပါတီမှ ရပ်စဲကြောင်း ကြေညာချက်၌ ပါတီမှ ကင်းကွာဟူသော အကြောင်းပြချက်ဖြင့် ရပ်စဲရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမားနှင့် တွဲဖက်အတွင်းရေးမှူး ၁ နိုင်စိုးမြင့်တို့က ဧရာဝတီ သို့ ပြောကြားခဲ့သော်လည်း ဒေါက်တာ မင်းစိုးလင်းကမူ ယင်းအကြောင်းပြချက်ကို ငြင်းဆိုခဲ့သည်။
“ပါတီနဲ့ တနှစ်ကျော် ကင်းကွာတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ယုတ္တိမရှိဘူး၊ ကျနော့်ကို ပါတီ ပေါင်းစည်းရေး တက်တက်ကြွကြွလုပ်လို့ ပါတီကနေ ထုတ်ပယ်တယ်လို့ပဲ သုံးသပ်တယ်” ဟု ဒေါက်တာ မင်းစိုးလင်းက ဧရာဝတီသို့ သုံးသပ် ပြောကြားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီတို့သည် ကြားခံညှိနှိုင်းရေး အဖွဲ့မပါဘဲ ညှိနှိုင်း ဆွေးနွေးနိုင်ရန် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်အသီးသီး ရွေးချယ်ထားပြီးဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ဧရာဝတီသို့ ထုတ်ဖော် ပြောကြားထားပြီးဖြစ်သည်။
လက်ရှိတွင်လည်း မွန်နိုင်ငံရေး ပါတီသစ် ထူထောင်လိုသည့် အင်အားစုများ၏ လှုပ်ရှားမှုမှာ ပို၍ အားကောင်းလာနေပြီး မွန်ပြည်သူ ၆၀ ရာခိုင်နှုန်း ထောက်ခံသည်ဟု သုံးသပ်ထားကာ ၇၀ ရာခိုင်နှုန်းကျော် ထောက်ခံပါက မွန်ပါတီသစ် ဖွဲ့စည်း ရန် စဉ်းစားထားကြောင်း မွန်နိုင်ငံရေး တသီးပုဂ္ဂလ တက်ကြွ လှုပ်ရှားနေသူ ယခင် မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီ ဟောင်း နိုင်တလညီက ပြောသည်။