သတင်း

ဦးကိုနီ လုပ်ကြံခံရမှု ရဲအုပ် တဦးနှင့် ဇေယျာဖြိုးထံမှ ကျပ် သိန်းတထောင်ကျော် ချေးငှားခဲ့ဖူးသူကို စစ်ဆေး

တနှစ်နီးပါး ရှိပြီ ဖြစ်သော ဦးကိုနီ လုပ်ကြံခံရမှု နှင့် ဆက်စပ်ပြီး မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) မှ ရဲအုပ် ဇော်နိုင်အောင် နှင့် ဇေယျာဖြိုးထံမှ ငွေ ကျပ် သိန်း တထောင်ကျော် ချေးငှားခဲ့ဖူးသူ ဦးတင်ထွန်းအောင် ဆိုသူတို့ကို တရားလိုပြ သက်သေ များ အဖြစ် ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး လုပ်ကြံသူ ကြည်လင်း အပါအဝင် အမှုနှင့် ဆက်စပ် ပါဝင် ကြသူများ ဖြစ်သည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တို့ကို အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် တရားရုံး ၌ ရုံးထုတ် စစ်ဆေးအပြီးတွင် တရားလိုရှေ့နေများက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဦးကိုနီ၏ ရှေ့နေ ဖြစ်သည့် ဦးခင်မောင်ဌေးက “ကျနော်တို့ အရင် စွပ်စွဲချက်ရှိတာက ဦးကိုနီကို သတ်ဖို့ သိန်း တထောင် နဲ့ လိုက်ငှားနေတယ်။ သူ့ရှေ့နေက ဇေယျာဖြိုး ကုမ္ပဏီက စီးပွားရေး မကောင်းဘူး။ ဒါကြောင့် ပိုက်ဆံ သုံးဖို့ ခက်တယ်ဆိုတဲ့ အကြောင်း ဖြေရှင်းထားတယ်။ သူ(ဦးတင်ထွန်းအောင်)က ဇေယျာဖြိုး ဆီက ၂၀၁၆ ခုနှစ် သုံးလပိုင်းမှာ သိန်း ထောင့်နှစ်ရာ ချေးထားတယ်လို့ ပြောတယ်။ ၂၀၁၆ ခုနှစ် ၆ လပိုင်းမှာ ရှစ်ရာ ပြန်ပေးလိုက်တယ်။ ၇ လပိုင်းမှာ လေးရာ ပြန်ပေးလိုက်တယ်။ ဇေယျာဖြိုးဆီကို သူ့ဆီက သိန်း ထောင့်နှစ်ရာ ဝင်လာတာရှိ ပြီ။ ဒါ့ကြောင့် ကျနော်တို့က ဦးတင်ထွန်းအောင်ကို သက်သေတင်တာ” ဟု ပြောဆိုသည်။

အမှုတွင် တရားစွဲခံထားရသူ ဇေယျာဖြိုးသည် ဦးကိုနီအား လုပ်ကြံမှုတွင် ကျပ် သိန်း တထောင် ထုတ်ပေးခဲ့သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရဲတပ်ဖွဲ့က ကြည်လင်း အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင် တို့ငါးဦးကို ဦးကိုနီလုပ်ကြံ ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် မြောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားပြီး ကြည်လင်းနှင့် အောင်ဝင်းဇော်ကို ရာဇသတ်ကြီးဥပဒေ အမှတ် ၄၆/၂၀၁၇ ၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) ၊ ၁၉(စ) တို့ဖြင့် တရားစွဲဆိုထားသည်။

ယနေ့ ရုံးချိန်း စစ်ဆေးချက်များနှင့် ပတ်သက်၍ ကြည်လင်း ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ကျော်ထိုက် က “အခုကျနော်တို့ သက်သေ ၆၉ ယောက် စစ်ပြီးသွားပြီ။ ဇေယျာဖြိုးက သိန်းတထောင် ပေးပြီး သတ်ခိုင်းပါတယ်လို့ ဘယ်သက်သေမှ ထွက်မသွားသေးဘူး။ ရုံးရှေ့မှာ ထွက်ဆိုချက် မရှိတဲ့ အရာတွေပေါ်မှာ ကျနော် လည်း ဘာမှထပ်ပြီး ပြောဖို့ မလိုအပ်ဘူးထင်တယ်” ဟု ပြောသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေး ခဲ့သည့် ရုံးချိန်း ၃၆ ကြိမ်ခန့် ရှိပြီဖြစ်ပြီး သက်သေ ၈၀ ကျော် ရှိသည့်အနက် ၆၉ ဦး စစ်ဆေးပြီး ဖြစ်သော်လည်း အမှုတွင် ပါဝင်ပတ်သက်နေသည့် အောင်ဝင်းခိုင် ကို ရဲတပ်ဖွဲ့က ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် တရားခံပြေး အဖြစ် ကြေညာထားသည်။

Loading