သတင်း

စည်ပင် ဖြန့်ဝေသည့် ရေများ ရောဂါပိုး လုံးဝ မပါဝင်ကြောင်း အာမခံဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြန့်ဝေနေသည့် ရေများတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ရောဂါပိုးများ လုံးဝမပါဝင်သည်ကို အာမခံကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးအောင်ဆန်းဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးအောင်ဆန်းဝင်းက“ပေးတဲ့ရေက လူကို ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုး မရှိဘူးလို့ ရဲရဲကြီး အာမခံပါတယ်။ ဦးတို့ရေက Drinking Water တော့ မဟုတ်ပါဘူး။ Drinking Water မရသေးဘူးဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေစစ်နဲ့ စစ်ပြီး သောက်မယ်ဆို သောက်လို့ရပါတယ်။ ဦးတို့အိမ်မှာလည်း စစ်ပြီး သောက်ပါ တယ်” ဟု ပြောပြသည်။

ဆက်လက်၍ ရေလှောင်ကန်များ၊ အဝီစိတွင်းများမှ ရယူပြီး ရန်ကုန်မြို့ကို ရေပေးဝေ ဖြန့်ဖြူးရာတွင် ကျောက်ချဉ် ခပ် ခြင်း၊ အဆင့်ဆင့် အနည်ထိုင်ခြင်း၊ ကလိုရင်း ခပ်ခြင်းများ အပါအဝင် သန့်စင်သည့် စနစ်များကို အဆင့်ဆင့် အသုံးပြု ပြီးမှ ဖြန့်ဝေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ရေသန့်စင်ပြီးတော့ သန့်စင်တဲ့စနစ်နဲ့ သန့်စင်ပြီးတော့မှ ရန်ကုန်မြို့ထဲကို ပေးတာ ဖြစ်ပါတယ်။ အလားတူပဲ ဂျိုးဖြူရေ လှောင်ကန်ဆိုရင် ဟိုးစတင် တည်ဆောက်တဲ့ ၁၉၄၀ ကတည်းက အဆင့်ဆင့် အနည်ထိုင်တယ်။ လိုအပ်တဲ့ အချိန် တွေမှာ ကျောက်ချဉ် ခပ်တယ်။ ရန်ကုန်မြို့ကို ပေးနေတဲ့ ဒီရေလှောင်ကန်ကြီးတွေက လူကို အန္တရာယ်ဖြစ်စေတဲ့ ရောဂါ ပိုး မရှိပါဘူး”ဟု ဦးအောင်ဆန်းဝင်းက ထပ်မံ ပြောကြားသည်။

စည်ပင်သာယာရေး ကော်မတီရုံးချုပ်နှင့် ရေလှောင်ကန်များ၌ ကိုယ်ပိုင် ဓာတ်ခွဲခန်း ထားရှိပြီး နေ့စဉ် ရေနမူနာ ရယူ ကာ တိုင်းတာသည့် စနစ်၂၆ မျိုးဖြင့် လစဉ် စစ်ဆေးမှုများ ပြုလုပ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရ သည်။

ဌာနမှူး ဦးအောင်ဆန်းဝင်းက “ဒီရုံးချုပ်မှာကို Lab (ဓာတ်ခွဲခန်း) ခန်းရှိပါတယ်။ ရေလှောင်ကန်တွေ အသီးသီးမှာလည်း ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေကနေပြီးတော့မှ နေ့စဉ် ရေနမူနာ ယူပြီးတော့ လစဉ် ဓာတ်ခွဲ စမ်းသပ် တာ ရှိပါတယ်။ အဲဒါမှာ စုစုပေါင်း Parameter ၂၆ မျိုး လစဉ် စစ်ပါတယ်။ အဝီစိတွင်း တွေကနေဆို ၄ လ တကြိမ်စစ် ပါ တယ်”ဟု ဆိုသည်။

ရန်ကုန်မြို့၌ ဖြန့်ဝေသည့် ရေများတွင် မစင်များ ပါဝင်သည့် ဓာတ်နှင့် အလားသဏ္ဌာန် တူသည့် ဓာတ်များ ပါဝင်နေ ကြောင်း ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်း အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံ ညီလာခံနှင့် အာရှ အသည်းရောဂါ ညီလာခံတွင် အသည်းရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး ဖြစ်သည့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း က မီဒီယာတချို့ကို ပြောကြားမှု ပြုလုပ်ခဲ့သည်။

လှော်ကား ရေလှောင်ကန်မှ သွယ်တန်းထားသော ရေပိုက်လိုင်း (ဓာတ်ပုံ/ဧရာဝတီ)

ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက “ပြည်သူလူထု စိတ်ညစ်အောင် ပြောရမယ်ဆိုရင်တော့ ရန်ကုန်တမြို့လုံးက ရေပိုက်တွေ၊ လမ်းမတော်၊ လသာ စသဖြင့် ရေပိုက်တွေလေ။ ဟိုး အင်္ဂလိပ်ခေတ် ကတည်းက ရေပိုက်တွေလေ ဂျိုးဖြူ ပိုက်နဲ့ မိလ္လာ ပိုက်နဲ့ ယှဉ်သွားတယ်။ အဲဒီတော့ ဂျိုးဖြူ ရေလာတဲ့အချိန်မှာ အဲဒီရေပိုက်ထဲက ရေက ချီးပိုက်ထဲ ဝင်သွား တယ်။ ဂျိုးဖြူရေ မလာတဲ့ အချိန်မှာ မိလ္လာပိုက်ထဲက မစင်တွေက သောက်ရေပိုက်ထဲကို လာတာ။ ဒါထင်တာတွေ ပြောတာလား ဆိုတော့ မဟုတ်ဘူးဗျ။ အိမ်တွေမှာ လိုက်ကြည့်ပြီးတော့ သောက်ရေတွေကို နမူနာယူပြီး Fecal coliform (မစင်အညစ်အကြေးမှ ပါသည့်ရောဂါပိုး) စစ်ကြည့်တော့ အကုန်လုံးမှာ Very High ဖြစ်နေတယ်။ ဆိုလိုတဲ့ သဘောက ရန်ကုန်မြို့ရဲ့ ရေတွေထဲမှာ မစင်တွေ ပြန့်ပွားနေတယ်”ဟု မီဒီယာတချို့အား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်၂၀ ခန့်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် ၄ မြို့နယ်တွင် အသည်းရောင် အသားဝါ E ပိုးကြောင့် အဆိုပါမြို့နယ်များရှိ ရေကို အမျိုးသား ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် မစင်ပိုးသည် ရှိသင့်သည့် ပမာဏထက် ပိုများနေကြောင်း ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြည်တွင်းဂျာနယ် တခု၏ အင်တာဗျူး တွင်လည်း ဖြေဆိုခဲ့သည်။

အဆိုပါ ရေမှ တဆင့် အသည်းရောင်အသားဝါ ရောဂါ E ပိုး ကူးစက်ခြင်း မခံရအောင် သောက်သုံးမည် ဆိုပါက ကျိုချက် သောက်ရန် ဒေါက်တာ ခင်မောင်ဝင်းက တိုက်တွန်းခဲ့သည်။

ရေပိုက်များကို အိမ်ရှေ့မှ တဆင့် သွယ်တန်းပြီး မိလ္လာပိုက်များကို အိမ်နောက်ဘက်မှ သွယ်တန်း ခြင်းဖြစ်သဖြင့် ယင်းနှစ်ခုသည် တိုက်ရိုက် ကူးစက်နိုင်ခြေ နည်းပါးသော်လည်း ကူးစက်နိုင်သည့် နည်းလမ်းရှိသဖြင့် ပြည်သူလူထု အနေဖြင့် ဂရုစိုက်ရန် လိုအပ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးအောင်ဆန်းဝင်းကလည်း ပြော သည်။

“အိမ်တွေက နေသွယ်တဲ့ပိုက်တွေက ရေမြောင်းတွေ၊ မြေအောက်တွေကနေသွယ်တာ ရှိမယ်။ အဲဒီပိုက်တွေက ပေါက် တာ တွေ၊ အက်နေတာတွေ ရှိကောင်းရှိမယ်။ အဲဒါကို အိမ်ရှင်တွေက သတိမထားမိလို့ မပြင်မိတာ ရှိကောင်းရှိမယ်။ သတိထား မိရင်တောင် သိပ်အရေးမကြီးဘူးဆိုပြီး မပြင်မိတာ ရှိမယ်။ အဲဒီပေါက်နေတဲ့ ပိုက်လိုင်းထဲကို ရေမြောင်းထဲ က မလိုလား အပ်တဲ့ ရေဆိုးတွေ ဝင်ကောင်း ဝင်နိုင်တာပေါ့။ ရေသွယ်တန်းတဲ့ ပိုက်က အိမ်ရှေ့ကလာပြီး မိလ္လာပိုက် က အိမ်နောက်က သွားတာဖြစ်တဲ့အတွက် မစင်တွေကတော့ တိုက်ရိုက်မဝင်နိုင်ပါဘူး”ဟုလည်း ၎င်းက ရှင်းပြသည်။

အဓိကရေပေးဝေနေသည့် သံပိုက်များမှ သွယ်တန်းထားသော ရေပိုက်များသည် ပလတ်စတစ်ရေပိုက် (PVC) များ ဖြစ်နေခြင်းကြောင့် အပူဒဏ်မခံနိုင်ခြင်း၊ ခိုင်ခံ့မှုမရှိခြင်း စသည့် အကြောင်းအရာများ ဖြစ်နိုင်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ရေဖြုန်းတီးမှုဖြစ်ရပ်များ အပြင် ညစ်ညမ်းသည့်နေရာများကို ဖြတ်သန်း စီးဆင်မှုများတွင် ပိုးမွှားများ ဝင်နိုင်ကြောင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦး ဖြစ်သည့် ဒေါ်ဒေဝီသန့်စင်က ဧရာဝတီသို့ ပြောသည်။

“တိုက်တွေမှာ တခါတလေ တွေ့ပါလိမ့်မယ်။ အထပ်တွေကို ပြိုင်ပြီးတော့ တက်တာတွေ ရေပေးတဲ့ပိုက်နဲ့ မစင်ပိုက်နဲ့ က ကပ်နေတယ်။ အဲဒီအခါကျတော့ ပိုက်ကွဲသွားရင် ဒီဘက်ကပိုးက ဟိုဘက်ကို ကူးနိုင်တာပဲ”ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး “ဒီလို ပိုက်ကွဲရင် မစင်ပိုက်တို့ ရေမြောင်းညစ်ပတ်တဲ့နေရာတို့ အမှိုက်ပုံတို့ကြားက ဖြတ်ရင် အဲဒီက ပိုး တွေ က ဝင်မှာပဲ။ အဲဒီတော့ ဖြစ်နိုင်လို့ရှိရင် ပြင်ပကနေ သွယ်တဲ့ပိုက်လိုင်းတွေကို ခိုင်ခံ့တဲ့ ပိုးမဝင်နိုင်တဲ့ သံပိုက်တွေ ဘာတွေ လဲနိုင်ရင်လဲ အိမ်တွင်းမှာ တပ်ဆင်တာကိုလည်း ခွင့်ပြုသင့်တယ်။ ဘာလို့ဆို သူက အရိပ်ထဲလည်းဖြစ်တယ်။ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ကျန်းမာရေး အန္တရာယ် သိပ်မရှိနိုင်ဘူး ဒီလိုအပြင်ကနေပြီးတော့ ပိုက်တွေ ဖြစ်နေတာ ကတော့ အန္တရာယ် တော်တော်ရှိပါတယ်လို့ ပြောချင်တယ်” ဟုလည်း ဒေါ်ဒေဝီသန့်စင်က ပြောဆိုသည်။

မိလ္လာပိုက်များ ပေါက်ပြဲခြင်း၊ ပြည့်လျှံခြင်းများ၊ ရေပိုက် ပေါက်ပြဲနေခြင်းများ ပျက်စီးနေသည်များကို တွေ့ရှိပါက စည်ပင် သာယာရေး ကော်မတီကို အကြောင်းကြားရန်လည်း ဦးအောင်ဆန်းဝင်းက တိုက်တွန်းသည်။

ရန်ကုန်မြို့ကို ရေပေးဝေရာတွင် ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်၊ လှော်ကား ရေလှောင်ကန်၊ ငမိုးရိပ် ရေ လှောင်ကန် စသည့် ရေလှောင်ကန်များနှင့် စည်ပင်သာယာရေး ကော်မတီမှ တူးဖော်ထားသည့် အဝီစိတွင်းများမှ ရေများ ဖြင့်ပေးဝေနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့နေ အိမ်ထောင်စုများအတွက် ရေပိုက်လိုင်းပေါင်း သုံးသိန်းကျော်ဖြင့် နေ့စဉ် ရေဂါလန်ပေါင်း ၂၀၅ သန်း ပေးဝေ လျက်ရှိပြီး ရေလှောင်ကန်များမှ ရေဂါလန်ပေါင်း ၁၈၅ သန်းနှင့် အဝီစိတွင်းများမှ ဂါလန်ပေါင်းသန်း ၂၀ ပေးဝေ လျက်ရှိ ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading