မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) အဆင့်တွင် ကိုယ်စားလှယ် ပါဝင်ခွင့် မရ၍ စိတ်ပျက်မိကြောင်း NMSP ဥက္ကဋ္ဌ နိုင်ထောမွန် က ပြောသည်။
မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ တခုဖြစ်သော ရေးချောင်းဖျားဒေသ၊ ညီစားစခန်းရှိ မွန်အမျိုးသား ပညာရေး ဗဟိုဌာနတွင် ကျင်းပသော တနိုင်ငံလုံး အပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးမှုနှင့် ပတ်သက်၍ ဧပြီလ ၉ ရက်နေ့က ရှင်းလင်းရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က “JMC အနေနဲ့ မွန်ပြည်နယ် တခုမှာပဲ JMCS ကို ဖွဲ့စည်းခွင့်ပေးတယ်။ ကျန်တဲ့ ကရင်ပြည်နယ်၊ တနင်္သာရီမှာ JMC-S အနေနဲ့ စုဖွဲ့မှုမပေးတာ ဥက္ကဋ္ဌကြီးက စိတ်မကောင်းဖြစ်တယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီက ညီစားစခန်းတွင် NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲကို ဧပြီ ၉ ရက်မှ ၁၁ အထိ ကျင်းပပြုလုပ်ခဲ့သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် တဖွဲ့ဖြစ်သည့် NMSP သည် ယခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့က တပ်ပေါင်းစုအဖွဲ့ဝင် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် အတူ အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ ဖြစ်သည်။
မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံ ရှင်းလင်းပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ်တို့က ကူညီပေးမည်ဟု ကတိပြုထားပြီးမှ ကျင်းပရန် ရက်အနည်းငယ် အလို၌ တပ်မတော်ဘက်မှ လူဦးရေကန့်သတ်လိုက်ခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ရကြောင်း နိုင်ထောမွန်က ဆိုသည်။
ထို့အတူ NMSP ၏ ဇီးနှစ်ပင် တပ်တည်စခန်းနှင့် ဘုရားကုန်း တပ်တည်စခန်းကို ပြန်ပေးမည်ဟု ပြောဆိုထားပြီးသော်လည်း ယနေ့အချိန်ထိ ညှိနှိုင်းမှု မပြေလည်သေးကြောင်း နိုင်ထောမွန်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်အောင်မငေး က “NCA ထိုးပြီးရင် ပိုပြီးလွတ်လပ်ရမယ်။ ပြည်သူနဲ့ရော၊ လူမှုအဖွဲ့ အစည်းတွေနဲ့ရော ပိုပြီးတော့ ပြောရေးဆိုခွင့် ထိတွေ့ခွင့်တွေ ရမယ်ဆိုပြီးတော့ ကြပ်တည်းမှု ဖြစ်လာတာကလည်း သူစိတ်မကောင်းဖြစ်ရတဲ့ ကိစ္စပါ။ ဘာပဲပြောပြော ကျနော်တို့ NCA လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်သွားမယ်။ သွားနေရင်းနဲ့ ဒီကိစ္စကို ကြိုးစားသွားမယ်လို့လည်း လူထုတွေ့ဆုံရှင်းလင်းပွဲမှာ ပြောပြလိုက်တာပေါ့” ဟု ပြောသည်။
အခမ်းအနား၌ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပဲခူးကျောင်း ဆရာတော် ဘဒ္ဒန ္တသီလစာရ၊ မွန်အမျိုးသားပါတီ ဗဟိုကော်မတီမှ နိုင်စံလိုင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ချမ်းတွဲ့တို့က မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့အတူ မွန်သံဃာတော်များ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ထိုင်းနိုင်ငံ မွန်လူမျိုးကိုယ်စားလှယ်များ၊ မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူဦးရေ ၂ ရာနီးပါးက တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ယနေ့ နိုင်ငံရေး အခြေအနေများအား တက်ရောက်လာသူများအား ရှင်းလင်းခဲ့သည်။
မွန်ပြည်သစ်ပါတီက ရေးမြို့တွင် ပြုလုပ်မည့် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆိုပါ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားတဲ့ ကဏ္ဍကြီးလေးရပ်ဖြစ်သည့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ စသည့်ကဏ္ဍများကို ဆွေးနွေးနေခဲ့ကြောင်း သိရသည်။
NMSP အား ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ထားသည်။