သတင်း

Ford ကားဝယ်ရန် လွှတ်တော် ကန့်ကွက်မှု အစိုးရ လက်မခံ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရုံးသုံးအတွက် Ford ကား ၁၀ စီး ဝယ်ယူရန် ဘက်ဂျက်အား လွှတ်တော်က ဖြတ်တောက်မှုကို လက်မခံနိုင်ကြောင်း လွှတ်တော်အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၏ ရသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) တွင်ပါဝင်နေသည့် Ford ကား ၁၀ စီး ဝယ်ယူခြင်းကို လွှတ်တော်က သဘောမတူကြောင်း အဆိုပြုထားသည့် စာရင်းအား ထုတ်နှုတ်ပေးရန်အတွက် ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဝန်ကြီး က ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးမြင့်သောင်း က “မော်တော်ကား ကိစ္စကလည်း အစိုးရအဖွဲ့ဝင်များ စီးနင်းမယ့်ကား ဖြစ်တယ်။ အားလုံးဟာ အန္တရာယ်ကင်းရှင်းစွာနဲ့ စီးဖို့ အတွက် ဖြစ်ပါတယ်။ ပြီးတော့ အားလုံးရဲ့ ကားများဟာလည်း ဟောင်းနွမ်းနေပါတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ တင်သွင်းလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်း ထဲတွင် ကျပ် သိန်း ၁ ထောင်တန် Ford ကား ၁၀ စီး ဝယ်ရန် တင်ပြထားချက်နှင့် ပတ်သက်ပြီး မေလ ၃၁ ရက် နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဝေဖန် ကန့်ကွက် မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ဝန်ကြီး ဦးမြင့်သောင်း က Ford ကား ၁၀ စီးဝယ်ယူမည့်ကိစ္စသည် အစိုးရအဖွဲ့စီးနေသော ကားများမှာ အိုမင်းဟောင်းနွမ်းပြီး နှစ်စဉ် ပြင်ဆင်စရိတ် ၁၀ သိန်းအထက် အသုံးပြုနေရခြင်းကြောင့် အဆိုပါ အသုံးစရိတ်ကို မဖြစ်မနေအသုံးပြုရန် လိုအပ်ကြောင်း ပြောဆိုသည်။

ပထမနှစ် ဒုတိယနှစ်များတွင် အားနည်းချက်များကြောင့် တိုင်းအစိုးရ၏ တင်ပြချက်များကို စိစစ်နိုင်ခြင်း မရှိခဲ့ သော်လည်း ယခုအခါတွင် စိစစ်တတ်လာပြီဖြစ်၍ စိစစ်မှု ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် ဘဏ္ဍချွေတာ သုံးရမည့် အခြေအနေတွင် Ford ကားများ ဝယ်စီးမည့် ကိစ္စအား သဘောမတူကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

ဒေါ်စန္ဒာမင်းက “လက်ရှိလည်း အားလုံးသော ဝန်ကြီးတွေက ဘတ်စ်ကားလည်း မစီးနေရပါဘူး။ လိုင်းကားလည်း မစီးရသလို၊ တက္ကစီတွေလည်း စီးနေရသူတွေ တစ်ယောက်မှ မရှိပါဘူး။ အဲဒီကားတွေကို မစီးဘဲ ကိုယ်ပိုင်ကားကို စီးနေတဲ့ ဝန်ကြီးတွေ လည်း အများကြီးရှိပါတယ်” ဟု ထောက်ပြသည်။

၎င်းက ဆက်၍ “ကျမတို့နိုင်ငံမှာ ခြိုးခြံချွေတာဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဝန်ကြီးဌာနတွေကိုတောင် ပေါင်းပြီးတော့ ဝန်ကြီး ၁ ယောက်ကို ဌာန ၄ ခုလောက် ကိုင်ခိုင်းနေတဲ့ကာလမှာ သက်တမ်းအားဖြင့်လည်း ၂ နှစ်ကျော်ပဲ ကျန်တာမို့ ဒီကားကြီးတွေကို ဝယ်စီးနိုင်ဖို့ အခြေအနေ လိုအပ်နေတယ်ဆိုရင်တော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူလိုက်ပါ။ ကျမတို့ရဲ့ လွှတ်တော် ဘဏ္ဍာရေးနဲ့ စီမံကိန်းကော်မတီရဲ့ သဘောထားကတော့ လုံးဝ သဘောမတူပါဘူး” ဟု ပြောဆိုသွားသည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် Ford ကား ဘက်ဂျက်ငွေအပြင် စည်ပင်သာယာဘဏ်တွင် နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီမြှုပ်နှံမည့် ငွေကျပ်သန်း ၆၈၀၀ ကိုလည်း အဆိုပြုလျာထား စာရင်းမှ ထုတ်ပယ်ပေးရန် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ က ထောက်ပြ ဆွေးနွေးခဲ့သည်။

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်နေသည့် အစိုးရဘဏ်များ များစွာရှိနေသဖြင့် လိုအပ်ပါက ဘဏ်ခြင်း ချိတ်ဆက်ပြီး ကြားခံဆောင်ရွက်နိုင်ခြင်းကြောင့် စည်ပင်ဘဏ်တွင် ရင်းနှီးမြှုပ်နှံငွေကို ဘက်ဂျက်တွင် မထည့်သွင်းဘဲ ဖြတ်တောက်ရန်လိုအပ်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

ဦးမြင့်သောင်းက “မြို့တော်ဘဏ်မှာ ဒီငွေကလည်း ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံတဲ့ငွေပါ။ ကုန်ကျစရိတ် Services Infrastructure မဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံတဲ့ငွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်အနေနဲ့ ဥက္ကဋ္ဌကြီးကို လေးစားစွာ တင်ပြရရင်တော့ ဒီ ၂ ချက်ကိုတော့ ကျနော်အနေနဲ့ on the spot ပြင်ပေးနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ cabinet ဆုံးဖြတ်ချက် ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်”ဟု ဆိုသည်။

ယခင်အကြိမ်များတွင် အတည်ပြုခဲ့သော ဘက်ဂျက်ဖြစ်သဖြင့် “မဲခွဲပြီးတော့ဆုံးဖြတ်ပြီးတော့ အတည်ပြုရတာထက်စာရင် အားလုံး တညီတညွတ်ထဲ အတည်ပြုလိုက်တဲ့ ဘက်ဂျက်ကို ကျနော် ပိုပြီးတော့ မြတ်နိုးပါတယ်။ ဒါကြောင့်မလို့ ဥက္ကဋ္ဌကြီး အနေနဲ့ တညီတညွတ်တည်း အတည်ပြုတဲ့ ဘက်ဂျက်ကို စီစဉ်ဆောင်ရွက်ပေးပါလို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်း က တင်ပြသွားသည်။

သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က “ဒီလိုလွှတ်တော်ကြီးက ခုနက ဝန်ကြီး (ဦးမြင့်သောင်း) ပြောသလို မဲခွဲပေးရတဲ့ အခါကြတော့ ဂုဏ်သိက္ခကျတာပေါ့နော်။ ဒီလိုမျိုးဖြစ်လာတဲ့ အခါကြတော့လည်း ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု ဆိုသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) ကို လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၏ ရှင်းလင်း တင်ပြချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ် ၄၅ မြို့နယ်ရှိ စီမံကိန်းပေါင်း ၈၀၀ ကျော်အတွက် သုံးစွဲရန် ငွေကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ လျာထား သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက လွှတ်တော်သု့ိ တင်သွင်းထားသည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း အရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ တင်သွင်းလာသည့် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းတွင် ပြည်သူအတွက် တိုက်ရိုက်အကျိုးမရှိသော အစိုးရ အသုံးစရိတ်များ ဘီလီယံနှင့်ချီပြီး အလွန်အကျွံ သုံးထားခြင်း နှင့် အကျိုးမရှိသော လုပ်ငန်းများတွင် ဘီလီယံချီ ရင်းနှီးမြှုပ်နှံခြင်းတို့ကို လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြပြီး စိစစ်ဖြတ်တောက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading