သတင်း

ဦးသောင်းထွန်း MIC ဥက္ကဋ္ဌ ဖြစ်လာမှု အပေါ် ဝေဖန်မှုများ ရှိနေ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ တာဝန် ၂ ခုထမ်းဆောင်နေရသော ဦးသောင်းထွန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ အဖြစ် အစိုးရက တာဝန် ထပ်ပေးလိုက်ခြင်းသည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတွင် အတွေ့အကြုံရှိပြီး လက်တွေ့ အသုံးချနိုင်သူ ရှားပါးလာခြင်းကို ပြသရာ ရောက်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးသောင်း ထွန်း MIC ဥက္ကဋ္ဌ ဖြစ်လာရခြင်းမှာ NLD ပါတီတွင် အတွေ့အကြုံရှိပြီး လက်တွေ့အသုံးချနိုင်သူ ရှားပါးလာခြင်းကို ပြသရာ ရောက်ကြောင်း၊ ထို့ပြင် ယုံကြည်ရသူ နည်းပါးခြင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီးအသစ် ဖြစ်သူ ဦးစိုးဝင်း ကို ဝန်မပိစေလိုခြင်း တို့ကြောင့် ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြသည်။

ပြည်ထောင်စု အစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းကို MIC ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးကြောင်း ဇွန်လ ၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

NLD အစိုးရသည် သံအမတ်ဟောင်း တဦးကို MIC ဥက္ကဋ္ဌ တာဝန်ပေးခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး အား ထုတ်မှု တခုဟု ဆိုနိုင်သော်လည်း ကျွမ်းကျင်သည့် စီးပွားရေး ပညာရှင်တဦး ဖြစ်သင့်ကြောင်း MIC ဥက္ကဋ္ဌ ရာထူးသည် စီမံ/ဘဏ္ဍာ ဝန်ကြီး ဖြစ်လာသူနှင့် ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌဟောင်း ဦးသန်းလွင်က ပြောသည်။

“NLD က ယုံကြည်ရမယ့် လူတွေကိုလည်း ခန့်တာပဲ။ The Person we trust ဆိုတာမျိုးပေါ့။ ဟိုခေတ်ကလည်း ဖြစ်ခဲ့ပြီး ပြီ။ စစ်တပ်က အုပ်ချုပ်တော့ စစ်သားတွေပဲ ခန့်တယ်။ ဦးနေဝင်းခေတ်ကလည်း ဒီအတိုင်းပဲ။ အမှန်က လူမှန် နေရာမှန် ခန့် ထားနိုင်ဖို့ လိုတယ်။ ကိုယ်ယုံကြည်တဲ့သူကိုပဲ ခန့်တာမျိုးက သူမကျွမ်းကျင်တဲ့ ကိစ္စမျိုးဆိုရင် အလုပ်မဖြစ်ခဲ့ရင် တိုင်းပြည် နစ်နာနိုင်တယ်။ အရင်ကလည်း ဖြစ်ခဲ့ဖူး ပြီးပြီ”ဟုလည်း ၎င်းက ဆိုသည်။

သို့သော် တိုင်းပြည်တွင် ရခိုင်အရေးကို အကြောင်းပြု၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေရာ ယင်းကိစ္စကို သေချာစွာ ရှင်းပြနိုင်သူမှာ ဦးသောင်းထွန်း ဖြစ်သည့် အတွက် MIC ဥက္ကဋ္ဌ ဖြစ်လာရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်နိုင်ပြီး ယခုအချိန် သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် အရေးကြီးသည့်အချိန် ဖြစ်ကြောင်း ဦးသန်းလွင်က ပြောဆိုသည်။

၎င်းက “အခုက တွဲတွဲပြီးတော့ ခန့်နေတော့ လူရှားတဲ့ သဘောလို့ ပြောရမလို ဖြစ်နေတာပေါ့။ သူတို့ (NLD ပါတီ) မှာက လည်း လူငယ်ပိုင်းတွေက များနေတော့ အတွေ့အကြုံရှိတဲ့လူပဲ လိုက်ရှာနေရတယ် ထင်တယ်။ ဦးသောင်းထွန်း ကလည်း အရည်အချင်းတော့ မဆိုးပါဘူး။ သံအမတ်ကြီး လုပ်ခဲ့တဲ့ လူတော်တယောက်ပါပဲ။ ဒါပေမယ့် အခု ကျွမ်းကျင်တဲ့သူ မရှိရင် ရေရှည်မှာ ရှိလာအောင် ပျိုးထောင် မွေးမြူပေးဖို့ တာဝန်ရှိတယ်” ဟုလည်း ပြောသည်။

ယခင် MIC ဥက္ကဋ္ဌမှာ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်းဖြစ်ပြီး ၎င်းမှာ နုတ်ထွက်သွားခဲ့ပြီ ဖြစ်၍ ယင်းနေရာတွင် ဦးသောင်းထွန်းကို အစားထိုးလိုက်ခြင်း ဖြစ်သည်။

MIC ဥက္ကဋ္ဌ ဆိုသည်မှာ စီမံ/ဘဏ္ဍာ၊ စီးပွား/ကူသန်း ဝန်ကြီးများ ဖြစ်သင့်ပြီး ယင်းဝန်ကြီးဌာနများနှင့် တိုက်ရိုက် သက်ဆိုင် သည့် ကော်မရှင်ဖြစ်ကြောင်း၊ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်းကို ခန့်အပ် ခြင်း သည် အနည်းငယ် ထူးဆန်းသလို ဖြစ်၍ အံ့သြမိကြောင်း နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“ဦးသောင်းထွန်းက အရင်အငြိမ်းစား သံအမတ်ကြီးတဦး ဖြစ်ခဲ့သလို လွှတ်တော်မှာ သူ့ကိုခန့်အပ်တဲ့ အချိန်တုန်းကလည်း ဝေဖန်မှုတွေ ရှိခဲ့တယ်။ ဒီအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ချင့်ချိန် ဆောင်ရွက် သင့်တယ်လို့ မြင်တယ်။ အစိုးရအဖွဲ့ရဲ့ အရေးကြီးနေရာတွေမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ဟောင်းတွေ မသိမသာ နေရာယူလာတာ ကလည်းပဲ လိုက်လျောညီထွေဖြစ်ပါ့မလား ဆိုတာ စဉ်းစားမိတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ တာဝန်ကြီး ၂ ခု အပြင် MIC ဥက္ကဋ္ဌလည်း ဖြစ်လာ၍ အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များ ပိုမို လေးလံပြီး ထိုင်းမှိုင်း သွားနိုင်ကြောင်း၊ NLD ၏ လွှတ်တော် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးနေရာ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနေရာ များနှင့် ထိုက်တန်သော အရည်အချင်းရှိသူများစွာ ရှိနေပြီး ၎င်းတို့ကို ထည့်မစဉ်းစားခြင်းမှာ နားလည်ရခက်ကြောင်း ဒေါက် တာ ရန်မျိုးသိမ်းက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကေ်ာမတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦး ကလည်း “သူ့ဘာသာရပ် အလိုက် ကျွမ်းကျင်သူပဲ ဖြစ်သင့်တယ်။ အမျိုးသား လုံခြုံရေး အကြံပေးက ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဖြစ်တယ် ဆိုတော့ ဦးစိုးဝင်း အလုပ်များမှာစိုးလို့ ဝိတ်လျှော့ ပေးလိုက်တာလည်း ဖြစ်မယ်။ သူလုပ်ရမှာက တခုနဲ့ တခု ဆက်စပ်မှု မရှိဘဲ ခိုင်း သလို ဖြစ်နေတယ်။ အမျိုးသား လုံခြုံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုက လုပ်ရမယ့် Sense ချင်းလည်း မတူဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

တိုင်းပြည်၌ စီးပွားရေး အခြေအနေ အခွင့်အလမ်းများ ရှိနေသော်လည်း အစိုးရက စီးပွားရေးဆိုင်ရာ မူဝါဒများကို ပြတ်ပြတ် သားသား မချပေးနိုင်ခြင်း၊ ဝန်ကြီးများက တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖြင့် Risk (စွန့်စားမှု) မယူရဲခြင်း တို့ကြောင့် ရင်းနှီး မြှုပ်နှံ လိုသည့် ကုမ္ပဏီများသည် အခက်တွေ့နေကြောင်း အစိုးရ၏ မူဝါဒများ တည်ငြိမ်သည့် သဘောမရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကမူ အစိုးရ၏ စီးပွားရေး မူဝါဒ ၁၂ ချက်ကို အကောင် အထည်ဖော်ရာ၌ ဝန်ကြီးဌာနအားလုံး ပါဝင်ရမည်ဖြစ်ရာ ယင်းဖော် ဆောင်မှု များကို ခြုံငုံသုံးသပ်ပြီး အပေါ်မှ ကြည့်မြင်နိုင်သူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း MIC ဥက္ကဋ္ဌ ဖြစ်လာခြင်းကို အကောင်းမြင်ကြောင်း ပြောသည်။
ဒေါ်ပြုံးကေသီနိုင် က“သမ္မတနဲ့လည်း အကြောင်းပြန်ကြားတာတို့ ဆိုရင်လည်း လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တယ်။ MIC မှာလည်း သူက အဖွဲ့ဝင် အနေနဲ့ ရှိခဲ့တယ်။ အခု အန်ကယ် ဦးစိုးဝင်းက သူ့ဘက်ဆိုင်ရာတွေကို ပြည့်ပြည့်ဝဝ လုပ် မယ်။ ကျန်တဲ့အချိန် အတွင်းမှာ ကြိုးစားရမှာဆိုတော့ MIC ဘက်ကို ပြည်ထောင်စု ဝန်ကြီးအဆင့် တခြားသူ တဦးဦးက ဦးဆောင်ရမှာလေ။ အဲဒါကြောင့် ဦးသောင်းထွန်းနဲ့ ကိုက်ညီတယ်” ဟု ပြောဆိုသည်။

ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် လွှတ်တော်က အတည်ပြုခန့်အပ်စဉ်ကလည်း ၎င်းမှာ အမေရိကန် သူဌေး ကြီး ဂျော့ ဆိုးရောစ့် ထံ၌ အလုပ်လုပ်ကိုင်ဖူးသူတဦး ဖြစ်၍ နိုင်ငံလုံခြုံရေး၊ တရုတ်-မြန်မာ ဆက်ဆံရေးတို့ကို ထိခိုက်နိုင် သဖြင့် သဘောမတူကြောင်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက၂၀၁၇ ခုနှစ် နိုဝင်ဘာလက ကန့်ကွက် ခဲ့ဖူးသည်။

ဦးသောင်းထွန်း၏ ကိုယ်ရေးရာဇဝင်၌ ၎င်းသည် အမေရိကန် ဂျူးသူဌေးကြီး ဂျော့ဆိုးရော့စ်ထံတွင် အကြံပေးအဖြစ် အလုပ် လုပ်ခဲ့ဖူးသည်ကို ဖော်ပြထားခြင်း မရှိရာ ယင်းအချက်သည် မရိုးသားကြောင်း၊ လွှတ်တော်သို့ အထောက်အထားနှင့် တကွ တင်ပြရမည် ဖြစ်ရာ ရသည့် အချိန် ၃ ရက်အတွင်း အမေရိကန်မှ အထောက်အထား စာမပြန်လာခဲ့၍ တရားဝင် မကန့် ကွက် နိုင်တော့ကြောင်းလည်း ဦးစိုးသိမ်းက ပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading