သတင်း

ပြည်ထောင်စုမူကြောင့် ကျောင်းကား သုံးပုံတစ်ပုံသာ ပြေးဆွဲနိုင်ဟု ဝန်ကြီး ပြော

ပညာရေးဝန်ကြီးဌာန သတ်မှတ်ချက်ကို မချိုးဖောက်လိုသည့်အတွက် ကျောင်းကားများ၏ သုံးပုံ တပုံကိုသာ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အောက်တိုဘာလ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် တိုင်းအစိုးရ ဝယ်ယူထားသည့် ကျောင်းကားများမှာ နှစ်ရှည်လများ ကွင်းပြင်တွင်သာ ရပ်နားထားသဖြင့် မည်၍ မည်မျှ အသုံးပြုနေကြောင်း သိရှိလိုကြောင်း ကိုကိုးကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက မေးမြန်းခဲ့ရာ ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဒေါ်နီလာကျော်က “တကယ်တမ်းက Catchment Areas (မိမိမြို့နယ်တွင်းရှိ ကျောင်းတွင်သာ ကျောင်းအပ်နှံခြင်း အစီအစဉ်) ကို ဂရုမမူဘဲနဲ့ ပြေးဆွဲမယ်ဆိုရင်တော့ ဒီအစီး ၂၀၀ က လောက်တောင် မလောက်ပါဘူး။ ကျောင်းကား လိုအပ်တယ်လို့ ပြောထားတဲ့ ကျောင်းက စုစုပေါင်း ၂၁ ကျောင်း ရှိပါတယ်။ သို့သော်လည်း ပြည်ထောင်စုဝန်ကြီးဌာနရဲ့ မူဝါဒကို လိုက်နာရတာ ဖြစ်တဲ့အတွက် ကျမတု့ိအနေနဲ့ အဆိုပါ ကျောင်း ၂ ကျောင်းကိုသာ ပြေးဆွဲပေးနိုင်ခြင်း ရှိပါတယ်” ဟု ပြောသည်။

ရပ်နားထားသည့် ကျောင်းကားများ /ဓာတ်ပုံ – ဧရာဝတီ

တိုင်းအစိုးရက ဝယ်ယူထားသည့် ကားအစီး ၂၀၀ အနက် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)တွင် ၂၉ စီး၊ ပညာရေး ကောလိပ် လေ့ကျင့်ရေးကျောင်း (ရန်ကင်း) တွင် ၂၇ စီး နှင့် အရန် ၉ စီး၊ စုစုပေါင်း ၆၅ စီး ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။

ဦးတင်ဝင်း က “တချို့လည်း ကျောင်းကားတွေ ပြေးဆွဲနေတာကို သိရှိရပါတယ်။ တချို့ကလည်း လွှတ်တော်နဲ့ ကပ်လျက် ယခင် မော်တော်ယာဉ် ရပ်နားကွင်းမှာပင် မော်တော်ယာဉ်တွေ ဒီတိုင်းပဲ နှစ်ရှည် ရပ်နားထားတာကို တွေ့မြင်နေရပါတယ်။ အများပြည်သူကလည်း ကျနော်တို့ကို မကြာခဏ မေးပါတယ်။ ဒီမော်တော်ယာဉ်တွေကို အမိုးအကာမရှိ ရပ်နားထားခြင်းအားဖြင့် မော်တော်ယာဉ်တွေဟာ ရာသီဥတုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်”ဟု ဆိုသည်။

မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပြီး လာမည့်နှစ်တွင် Catchment Area နှင့် ကင်းလွတ်သည့် ကျောင်းများတွင် ဆက်လက်ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီး ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်တွင် “အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်အတွက် အခမဲ့ထောက်ပံ့မှုများ” အစီအစဉ်ကို အစိုးရက ကြေညာခဲ့သည်။

ရပ်နားထားသည့် ကျောင်းကားများ /ဓာတ်ပုံ – ဧရာဝတီ

ယင်းအစီအစဉ်တွင် “မိဘများသို့ မေတ္တာရပ်ခံချက်” ပါဝင်ပြီး မိဘများအနေဖြင့် မိမိနှင့် သက်ဆိုင်သည့် နယ်မြေတွင်သာ ကျောင်းအပ်နှံရန်နှင့် ကျောင်းအပ်နှံခြင်းအတွက် ပညာရေးဝန်ထမ်းများကို ငွေကြေးနှင့် လက်ဆောင်များ မပေးအပ်ရန် တိုက်တွန်း လမ်းညွှန်ထားသည်။

ကျောင်းကားများ ဝယ်ယူမှုကို ရွှေလက်ကုမ္ပဏီဖြင့် လုပ်ဆောင်နေသည်ဟု ဝန်ကြီးကိုယ်တိုင် ယခင် ဖြေကြားထားသော်လည်း မကြာသေးခင်က ထုတ်ပြန်သည့် စာရင်းစစ်ချုပ် အစီရင်ခံစာတွင်မူ ကမ္ဘောဇဘဏ်မှ ချေးငှားဆောင်ရွက်သည်ဟု ဖော်ပြထားသည့်အတွက် ကွဲလွဲနေကြောင်းနှင့် ကွဲလွဲချက်ကို ပြန်လည် ဖြေကြားပေးစေလိုကြောင်း ဦးတင်ဝင်းက ထပ်ဆင့် မေးမြန်းခဲ့သည်။

ဦးတင်ဝင်း က “ကျနော်တို့ သိလိုတာက လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ ဆိုရင် ရွှေလက် ကုမ္ပဏီကနေ ငွေကျပ် ၅ ဒသမ ၅ ဘီလီယံ ပါဝင်တယ်လို့ သိရပြီးတော့ စာရင်းစစ် အစီရင်ခံစာမှာကျတော့ ကမ္ဘောဇဘဏ်ကနေ ၅ ဒသမ ၅ ဘီလီယံချေးတယ်လို့ ကွဲလွဲနေတာ ရှိပါတယ်။ ဒါကိုတော့ ဝန်ကြီးပဲ ဖြေကြားပေးပါ” ဟု ဆိုသည်။

အဆိုပါ ကျောင်းကားအစီး ၂၀၀ ကို တင်ဒါကင်းလွတ်ခွင့်ရှိသည့် Government to Government စနစ်ဖြင့် ကိုရီးယားနိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူမှု တန်ဖိုးမှာ ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံရှိပြီး ယခင် မထသ မှ လွှဲပြောင်းရရှိသည့် ရန်ပုံငွေ ၅ ဘီလီယံနှင့် ပုဂ္ဂလိက ကုမ္ပဏီမှ တာဝန်ယူထားသည်ဟု ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေး၌ ဝန်ကြီးက ဖြေကြားခဲ့ဖူးသည်။

ထပ်ဆင့်မေးမြန်းမှုနှင့် ပတ်သက်၍ ဘဏ္ဍာရေး တာဝန်ခံများအား သေချာစွာ မေးမြန်းပြီးမှသာ ဖြေကြားသွားမည် ဖြစ်ကြောင်း ဝန်ကြီးက တုံ့ပြန်ခဲ့သည်။
ကမ္ဘောဇဘဏ်မှ ရယူထားသည့် ချေးငွေများသည် လွှတ်တော်၏ အတည်ပြုချက် မရယူဘဲ ချေးယူထားသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေမှ ချေးငွေကို ပြန်ဆပ်ရန် လွှတ်တော်မှ သဘောမတူဟု ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း အောက်တိုဘာလ ၂ ရက် လွှတ်တော် အစည်းအဝေးတွင် ထောက်ပြ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

Loading