မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် သမဝါယမ ဦးစီးမှူး ဦးဇော်လင်းနှင့် လူ ၅ ဦးသည် ကျပ်သိန်းထောင်ချီသော ငွေများကို တောင်သူများသို့ အချိန်မီ ချေးပေးနိုင်ခြင်း မရှိဟုဆိုကာ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုဖြင့် ရမည်းသင်းမြို့မ ရဲစခန်းတွင် အချုပ်ချခံ ထားရကြောင်း သတင်း ရရှိသည်။
သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က“သူ(ဦးဇော်လင်း)က ဥပဒေကြောင်းအရ ရဲစခန်းတို့ တရားရုံးတို့မှာ ရင်ဆိုင် ပြီးတော့ သူ့ဥပဒေအတိုင်း သွားရမှာပါ။ ကျနော်တို့ရဲ့ ထုံးစံအရ ဒီငွေတွေကို တောင်သူ လယ်သမားတွေကို ချေးရမှာ။ အဲဒါကို အပြည့်အဝ မချေးနိုင်တဲ့အပေါ် စစ်ဆေးတွေ့ရှိချက်အရ စဖြစ်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
တရားလိုမှာ သမဝါယမ အသင်း၊ ကော်မတီမှ တာဝန်ရှိသူများက တရားစွဲဆိုခြင်း ဖြစ်ပြီး ယုံကြည်မှုကို အလွဲသုံးမှု ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့က ရဲအချုပ်သို့ အပို့ခံရထားရသည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူများက ပြော သည်။
“ငွေပမာဏကလည်း ရတနာပုံ နေ့စဉ်ထုတ် သတင်းစာမှာတော့ အသေးစိတ် ပါသွားတယ်။ ပြန်ဆပ်ရင်တော့ အမှုမဖွင့်ဘူးလို့ ပြောလို့မရဘူး။ အမှုကတော့ စသွားပြီပေါ့လေ။ စက်တင်ဘာလကုန်လောက်က စဖြစ်တာ။ တလ ကျော်သွားပြီ။ ဝန်ထမ်း စည်း မျဉ်းအရလည်း အရေးယူမှာပါ။ ထုတ်ပြန်ထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူမှာပါ”ဟု သမဝါယမ ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သူ ဦးမျိုးအောင်က ဆက်လက် ပြောကြားသည်။
သမဝါယမ ဦးစီးဌာနသို့ ပြန်သွင်းရမည့် ကျပ်သိန်း ၇၀၀၀ ကျော်ကို ယင်းတန်ဖိုးနှင့် တူသော ပစ္စည်းဖြစ်စေ၊ ငွေဖြစ်ရန် ပြန်ပေးသွင်း ရန် ကာယကံရှင် မိသားစုဘက်မှ ကြိုးစားနေပြီး ယင်းငွေများကို မည်သည့်နေရာတွင် အသုံးပြုထားကြောင်း ခေါင်းစဉ် မပြနိုင် သ ဖြင့် ယခုလို အဖမ်းခံရခြင်း ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်မှ အမည်မဖော်လိုသော လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
“တကယ် အပြည့်အဝ ပေးရမယ်ဆိုရင် ကျပ်သိန်း ၁ သောင်းကျော်တယ်လို့ ပြောတယ်။ ကျန်တဲ့ငွေက စာရင်းပျောက်တာတော့ မဟုတ်ဘူး။ စာရင်းတော့ ရှိတယ်။ အကြွေးတွေ မရတော့ သူလည်း မဆပ်နိုင်ဘူး။ သိန်း ၇၀၀၀ ကတော့ ခေါင်းစဉ် မပြနိုင်လို့ ဆပ်ရမယ့်ဟာပေါ့”ဟု ယင်းလွှတ်တော် ကိုယ်စားလှယ်က ရှင်းပြသည်။
ရမည်းသင်းမြို့နယ်သည် မန္တလေးတိုင်းနှင့် တနိုင်ငံလုံးတွင်ပါ သမဝါယဆိုင်ရာ အကောင်းဆုံး ဆုတံဆိပ်များ ရရှိထားပြီး ယခု အ ဖမ်းခံရသည့် ဦးစီးမှူးသည် လုပ်ရည်ကိုင်ရည်ရှိသူ လူငယ်တဦး ဖြစ်ကြောင်း၊ မြို့နယ်၏ သမလုပ်ငန်းများကိုလည်း အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့၍ ယခုနှစ်တွင် ရုံးချုပ်က ကျပ် ၆ ဘီလီယံအထိ ချပေးခဲ့ကြောင်း ရမည်းသင်းမြို့ခံတချို့က ပြောသည်။
“ဒီငွေကို ပြန်သွင်းနိုင်တယ်။ ဒီငွေနဲ့ တန်ကြေးညီတဲ့ မြေတို့ အဆောက်အဦတို့ ပြန်ပေးနိုင်ရင် တရားစွဲထားတာကို ပြန်သိမ်းပေးမယ် နော်။ လောလောဆယ်တော့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်ပေါ့။ သူတို့က အားလုံး သမဦးစီးမှူး အပါအဝင် ၆ ယောက်ပေါ့။ သမ ဦးစီးဌာနဲ့ အသင်းက လူတွေပေါ့။ ဒီလုပ်ငန်းကို ၆ ဦးက ဦးဆောင်လုပ်တာဆိုတော့ ၆ ဦးစလုံး ပါသွားတာပေါ့”ဟု ယင်းဖြစ်စဉ်ကို သိရှိသူ တဦးက ပြောသည်။
သမဝါယမ ဦးစီးမှူးသည် တပ်မတော်မှ ဗိုလ်ကြီးအဆင့် ရာထူးဖြင့် အငြိမ်းစား ယူထားသူတဦး ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ မြို့၏ ဖွံ့ ဖြိုးရေး လုပ်ငန်းများကို အချိန်မရွေး ကူညီသူတဦး ဖြစ်ကြောင်း ရမည်းသင်းမြို့ နယ်မှ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။
“သူအပြင်ထွက်နိုင်အောင် ကြိုးစားနေတဲ့အချိန်မှာ သိပ်မပြောချင်သေးဘူး။ ဖမ်းတာက ကြားဖြတ်ရွေးကောက်ပွဲနေ့ကမှ ဖမ်းဆီး ထိန်းသိမ်းလိုက်တာ။ ဖြစ်တာကတော့ တလကျော်လောက် ရှိပြီး။ စစ်တာဆေးတာတွေနဲ့ အပေါ်က လာစစ်တာတွေလည်း ရှိတယ်။ စာရင်းတွေ ပျောက်တယ်။ တချို့ ငွေတွေက ဒေသခံတွေကတော့ ပြန်မဆပ်နိုင်လို့ စာရင်းတွေ ကျန်နေတာလည်း ရှိတယ်။ အဲဒါတွေရယ်။ စာရင်းမပြနိုင်တဲ့ ငွေပမာဏရဲ့ ပေါင်းလိုက်တဲ့အခါကျတော့ တော်တော်များသွားတယ်”ဟု ၎င်းက ဆက်ပြောသည်။
ရမည်းသင်းမြို့မ စခန်းမှူး ဒုရဲမှူး လှမိုးကို ဧရာဝတီက ဆက်သွယ်မေးမြန်ရာ ဖုန်းဖြင့် မဖြေကြားပေးနိုင်ကြောင်း၊ ရမည်းသင်းသို့ လာရောက်ရန် ပြောဆိုခဲ့ပြီး လက်ရှိ အရေးယူဆောင်ရွက်မှု အခြေအနေကို ထပ်မံ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရတော့ပေ။
ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းထံသို့ ကြေးနန်း တက်သော်လည်း အသေးစိတ် မသိရှိဟု ဧရာဝတီသို့ ပြောဆိုသည်။