လာမည့် ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် ပြည်မအခြေစိုက်ပါတီများ၊ တိုင်းရင်းသားပါတီများနှင့် မဟာ မိတ်ဖွဲ့ကာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်က ပြောဆိုလိုက်သည်။
ယမန်နေ့ စစ်တွေခရိုင် တရားရုံးသို့ ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က ပြောဆိုခြင်း ဖြစ်ပြီး၊ ၎င်းဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီကို အောက်တိုဘာလ ၁၁ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီတည်ထောင်ခွင့် ပြု ထားသည်။
ဒေါက်တာအေးမောင်က “တိုင်း၇ တိုင်းမှာ ဗမာအမျိုးသားတွေကို ဦးဆောင်မယ့် ဦးကိုကိုကြီးတို့လို ပါတီတွေ ပါမယ်။ တိုင်းရင်းသားတွေနဲ့ မဟာမိတ်လုပ်ပြီးရင် တပ်ပေါင်းစုလို ၊ ဖဆပလလို ပြည်မကို စည်းရုံးမယ် ။ တိုင်းရင်းသားဒေသတွေမှာ လာမပြိုင်တဲ့ ပါတီတွေ ဖြစ်ဖို့လိုတယ်။ မဟာမိတ်လုပ်ပြီး လို့ တတိယအင်အားစု ပါတီတခုသာ ပေါ်လာခဲ့ရင် မြန်မာ့နိုင်ငံရေးမှာ ဘာဖြစ်မလဲ ။ ၃၁ % ဆိုတာ ကြားဖူးမှာပေါ့။ ပြည်မရဲ့ တိုင်း ၇ တိုင်းဟာ မဲ ၃ ပိုင်း ပိုင်းသွားလိမ့်မယ်။ ပြည်နယ်တခု တခုကို ကျနော်တို့ ရရင် ညွန့်ပေါင်း အစိုးရ ၂၀၂၀ မှာဖွဲ့မယ်။ ၂၀၂၀မှာ ဖွဲ့မယ့် ညွန့်ပေါင်း အစိုးရဆိုတာ တိုင်းရင်းသားတွေ ပါမယ်။ ပြည်မ ဗမာအမျိုးသားတွေပါမယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ပါတီအား ရှေ့နေ၊ အင်ဂျင်နီယာ၊ တပ်မတေ်ာနှင့် ရဲအရာရှိ အငြိမ်းစား စသည် ဖြင့် နယ်ပယ်အလိုက် ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသွားမည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းမှာ ရသေ့တောင် မဲဆန္ဒနယ် (ပြည်နယ်) လစ်လပ်နေရာအတွက် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခံရပြီး ၎င်းအား မဲမပေးပါက နိုင်ငံရေးလောကမှ ထွက်ခွာမည်ဟု ဒေါက်တာ အေးမောင်က ထုတ်ဖော် ပြောဆိုထားဖူးသည်။
ဒေါက်တာအေးမောင်က “ကျနော့်သားရဲ့ အောင်ပွဲဟာ ကျနော့်အောင်ပွဲ ဖြစ်တယ်။ ရခိုင့်ဦးဆောင်ပါတီ ရဲ့ ကနဦး အောင်ပွဲတခုဖြစ်တယ်။ ကျနော်တို့ ၂၀၂၀ မှာ ရခိုင်တပြည်လုံးကို ဦးဆောင်ဖို့ ရည်မှန်းထား တဲ့ ပါတီ ဖြစ်တယ်။ ကျနော်တို့မှာ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်” ဟု တရားရုံးထုတ် ပြီးအပြန်တွင် မီဒီယာများအား ပြောဆိုသည်။
ဦးတင်မောင်ဝင်းမှာ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်များအား မဲအပြတ်အသတ် ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာအေးမောင်၏ ပါတီဟောင်းဖြစ်သည့် ဒေသတွင်း အင်အားကြီးပါတီ ရခိုင်အမျိုးသားပါတီ (ANP) ပါတီကမူ ကြားဖြတ်တွင် ရှုံးနိမ့်ခဲ့သည်။ ယင်းအတွေ့အကြုံကို သင်ခန်းစာယူကာ ပါတီအပေါ် ယုံကြည်ချက်ခိုင်မာသည့် ပါတီဝင် များဖြင့် ပြန်လည် ပြုပြင် တည်ဆောက်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ကျနော်တို့ ရသေ့တောင်မြို့နယ်က အလေးထားရမယ့် သင်ခန်းစာတွေကို ရရှိထားပါတယ်။ ပါတီအပေါ်မှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတဲ့ ပါတီဝင်တွေနဲ့ အရေးတကြီး ပြန်လည် စည်းရုံးဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ သင်ခန်းစာကို ရရှိထားပါတယ်။ အဲဒီအချက်တွေကို အခြေခံပြီးတော့ ပါတီကို ပြုပြင် ပြောင်းလဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီလည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့မှုအပေါ် ဒေါက်တာအေးမောင်က “ကြားဖြတ် ရွေးကောက်ပွဲမှာ ဘာကြောင့် NLD ရှုံးလဲ။ သူရဲ့ တိုင်းရင်းသား ဒေသတွေမှာ ချမှတ်ထားတဲ့ မဟာဗျူဟာ မှားတယ်။ ပြန်သုံးသပ်ဖို့ လိုတယ်” ဟု မှတ်ချက်ပြုထားသည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရ က စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုထားခြင်း ဖြစ်သည်။
စွဲချက်တင်ထားခြင်းနှင့်ပတ်သက်၍ မကျေနပ်သည့်အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ထားသည်ကို တရားလွှတ်တော်က လက်ခံထားခဲ့ပြီ ဖြစ်သည့်အတွက် လာမည့် နိုင်ဝင်ဘာလ ၂၇ ရက်နေ့တွင် စွဲချက်အား ပယ်ဖျက်သင့် ၊ မသင့်ကို နှစ်ဘက် လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက ပြောသည်။