ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့် ဘင်္ဂါလီဒုက္ခသည်များအား လက်ခံရာတွင် ရခိုင်လူထု ဆန္ဒအညီ လုပ်ဆောင်ရန်နှင့် ဒေသခံများ၏ စိုးရိမ်ကြောင့်ကြမှုကို အထူးအလေးထား စဉ်းစားစေလိုကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်ကို တုံ့ပြန် သွားမည် မဟုတ်ကြောင်း အစိုးရက တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ထုတ်ပြန်ချက်တွင် “၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့၌ ARSA အကြမ်းဖက် တိုက်ခိုက်မှုများအပြီးမောင်တောဒေသအတွင်း ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ခွာသွားကြသောဒုက္ခသည်များအား ပြန်လည် လက်ခံရန် အစိုးရမှ ပြင်ဆင်နေ ကြောင်း သိရှိရကြောင်း၊ အကြမ်းဖက် လုပ်ရပ်များကြောင့် မောင်တောဒေသခံများ၏ အသက်အိုးအိမ် လုံခြုံမှုမရှိတော့ သည့် အခြေအနေများကို ဆိုးဆိုးဝါးဝါးရင်ဆိုင်လာကြရပြီးဒေသခံရခိုင်လူမျိုးများ၊ ရခိုင့်မျိုးနွယ်စုဝင်များနှင့် ဒေသခံ နိုင်ငံသားများမှာ မကြာခဏ အကြမ်းဖက် ခံနေရဆဲဖြစ်သည်” ဟု ပါရှိသည်။
ထို့ပြင် “ဒုက္ခသည်များ ပြန်လည် လက်ခံရေးတွင် ဒေသခံ ရခိုင်ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကို အထူးအလေးထား စဉ်းစားပါရန်နှင့် ပြည်လည်နေရာချထားရေး အကောင်အထည်ဖော်လုပ်ဆောင်မှုများကို ပွင့်လင်းမြင်သာမှုရှိပြီး ရခိုင်လူထု ဆန္ဒနှင့်အညီ လုပ်ဆောင်သွားရန် လိုအပ်ပါသည်” ဟုလည်း ဖော်ပြထားသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က“ကျနော်တို့ကတော့ ပြန်လည်လက်ခံရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ ၂ နိုင်ငံသဘောတူညီချက်အရ ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒီ ALP ရဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ကျနော်တို့က ဘာမှ မသိတဲ့အတွက် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျနော်တို့ ကတော့ ၂ နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ရှိတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲစခန်း (၃၀) ကျော်နှင့် တပ်မတော် တပ်စခန်းတခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းမှ စတင်၍ ပေါ်ပေါက်ခဲ့သော တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောတွင် နေထိုင်ကြသည့် ဘင်္ဂါလီ ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံ အစိုးရက၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လည်လက်ခံရေး စတင်မည်ဖြစ်ပြီး ပထမအသုတ် အနေဖြင့် လူဦးရေ ၂၂၅၁ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လွှတ်မည်ဖြစ်ရာ တရက်လျှင် လူဦးရေ ၁၅၀ ဦးနှုန်းဖြင့် စိစစ် လက်ခံသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်၌ သတင်းစာရှင်းလင်းပွဲလုပ်ကာ ရှင်းလင်းထားသည်။
ပြန်လာသူများကို ပြန်လည်လက်ခံရေးစခန်းများမှာ ၂ ရက်တာ နေခိုင်းကာ လှဖိုးခေါင်ကြားစခန်းတွင် ယာယီ နေရာချထား မည် ဖြစ်ပြီး ၁ လစာ စားနပ်ရိက္ခာ အပါအဝင် ပညာရေးနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်မည်ဖြစ် ကြောင်း၊ သတ်မှတ်ထားသည့် နေရာ ၄၂ ခုတွင် အိမ်များ ပြန်ဆောက်နိုင်ရေးအတွက် ငွေကြေးအကူအညီများ ပေးအပ် သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆို ထားသည်။
ALP က ထုတ်ပြန်ချက်တွင် ပြန်လာမည့် ဒုက္ခသည်များကို ရခိုင်ပြည်နယ်တခုအတွင်း နေရာချထားပေးခြင်း မဟုတ်ဘဲ အခြားသင့်တော်သည့် တိုင်းနှင့် ပြည်နယ်များတွင် နေရာချထားသင့်ကြောင်း ပြောဆိုထားပြီး အခြား နိုင်ငံများသို့ ရွှေ့ ပြောင်းနေရာချထားအတွက် ညှိနှိုင်းဆောင်ရွက်မှု လုပ်သင့်ကြောင်း အစိုးရကို တိုက်တွန်းထားသည်။
ALP ဗဟိုကော်မတီဝင် ခိုင်မြင့်ခိုင်က “ပြန်လည်လက်ခံရေးလုပ်တဲ့ လုပ်ငန်းစဉ်ကို ပွင့်လင်း မြင်သာမှု ရှိရှိပေါ့ ချပြဖို့ လိုတယ်။ အောက်ခြေမှာပဲ ဖြစ်ဖြစ်၊ အနည်းဆုံး တနိုင်ငံလုံးမဟုတ်ရင်တောင် ကျနော်တို့ ပြည်နယ်အဆင့်ပေါ့။ ကျနော်တို့ ဒေသမှာပဲ ပြန်လည်နေရာချထားရေးတွေကို လုပ်မယ်ဆိုရင်တော့ အနည်းဆုံးတော့ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာ တို့၊ ချပြတာတို့၊ လုပ်ဖို့ လိုအပ်တယ်။ သူ့တို့သွင်းလာရင် လုံခြုံရေးပိုင်းဆိုင်ရာတွေက အောက်ခြေမှာ ဘယ်လိုရှိမယ်ဆိုတာ ချပြဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။ ဟင်္သာစီမံချက်၊ နဂါးမင်းစီမံချက်များကြောင့် ယခင်က ထွက်ပြေးသွားသည့်အခါ အဆမတန် ပြန်ဝင်လာဖူးတယ်။ အခုဝင်လာမည့် သူများတွင်လည်း အကြမ်းဖက်သမားများ ပါဝင်နေတယ်။ ဒါတွေက အောက်ခြေလူထုလုံခြုံရေးကိုဘ ယ်လိုတာဝန်ယူမလဲ၊ ပဋိပက္ခတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ”ဟု ပြောသည်။
ထို့ပြင် ပြည်နယ်အတွင်း တည်ငြိမ်းအေးချမ်းရေးနှင့် ဒေသတွင်း ရခိုင်အပါအဝင် ရခိုင်မျိုးနွယ်စုဝင် ဒေသခံများ ဘေးကင်းလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်သင့်သည်ဟု ALP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တခု ဖြစ်သည်။
ဒုက္ခသည် လက်ခံရေးကိစ္စသည် ရခိုင်ပြည် အနာဂတ်အတွက် အထူးအရေးကြီးသည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ALP ခေါင်းဆောင်များအပါအဝင် ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အထင်ကရ ရခိုင်အမျိုးသားခေါင်ေးဆာင်များနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ရန် လိုအပ်သည်ဟုလည်း ALP က တိုက်တွန်းထားသည်။