ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများ ပြေလည်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းများအား အားပေးပံ့ပိုးကြရန် ယ နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့ဒေသခံလူထုနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်အဖြစ် တာချီလိတ်နှင့် မိုင်းယောင်းမြို့ရှိ ပြည်သူ များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တိုင်ပြည်ငြိမ်းချမ်းမှုရှိပါက လုံခြုံရေးဆိုင်ရာအာရုံစိုက်မှုကိုလည်း လျော့ချနိုင်ကာ ဒေသထွက်ကုန်များအား နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုပြဿနားများကို ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း လည်း ၎င်းကပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံမချမ်းသာတော့ ရတဲ့နည်းနဲ့ စီးပွားရှာဖို့ ကြိုးစာနေတာတွေ တွေ့နေရတယ်၊ ဆင်းရဲလို့ ဥပဒေ ချိုးဖောက်တာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူး၊ နိုင်ငံဆင်းရဲနေတာ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို ကျမတို့ လက်ခံတယ်၊ ဒါပေမယ့် ပြည်သူ/သား တွေမှာလည်း တာဝန်ရှိပါတယ်၊ ဒီမိုကရေစီ စနစ်ကိုယုံကြည်ရင် အားလုံးအတူတူ လုပ်ရမယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးလှုပ်ရှားနေသည့် ပြည်နယ်တခုဖြစ်ပြီး လတ်တလောတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းပင် တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဘိန်းစိုက်ပျိုးမှု အများဆုံး ပြည်နယ်တခုလည်း ဖြစ်သည်။
တာချီလိတ်နှင့် မိုင်းယောင်းဒေသရှိ သီးနှံထွက်ကုန်များ ဈေးကွက်အတွင်း ရောင်းချရေး၊ တဖက်နိုင်ငံသို့ တင်ပို့နိုင်ရေးတို့ အတွက်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ဆွေးနွေးတိုင်ပင်ကာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။
လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းမှု မရှိခဲ့သည့်အတွက် ပြည်သူများမှာ ရုပ်ပိုင်း/စိတ်ပိုင်း ထိခိုက်မှုများရှိနေပြီး တိုင်းရင်းသား ပြည်သူများ အကြား မတူကွဲပြားမှုကို နားလည်လက်ခံကာ ငြိမ်းချမ်းရေးကို အထူးတန်ဖိုးထားဖို့ လို အပ်ကြောင်းနှင့် ငြိမ်းချမ်းသည့် နေရာဒေသတွင်ရှိနေသူများမှလည်း မငြိမ်းချမ်းသည့်ဒေသများအား မျက်ကွယ်ပြု ၍မရကြောင်းလည်း ၎င်းကပြောခဲ့သည်။
တိုင်းပြည်၏ဒေသတိုင်းတွင် ရေရရှိရေး၊ မီးရရှိရေး၊ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့မှုရရှိရေးနှင့် လယ်ယာမြေပြဿနာများ ဖြေရှင်းပေးရေးတို့မှာ အဓိကပြဿနာများ အဖြစ်ရှိနေပြီး လယ်ယာမြေ ပြဿနာများအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် က “ ကျမတို့ဖြေရှင်းနေရတဲ့ ကိစ္စတွေဟာ နှစ်ပေါင်းများစွာကနေ စဖြစ်လာတဲ့ကိစ္စတွေ ဖြစ်တော့ နေ့ချင်းညချင်း မပြီးတာကိုတော့ ကျမတောင်းပန်ပါတယ်။ ဖြစ်နိုင်ရင်အားလုံးကို အပြတ်ရှင်းလိုက်ချင်တာပေါ့” ဟု ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းမှ ကျောင်းသား/သူများ ကားအစီး ၄၀ ခန့်ဖြင့် တဖက်ထိုင်းနိုင်ငံသို့ နေ့စဉ်ကျောင်း တက်နေရသည့် အခြေအနေနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံအတွင်း၌ သင်ကြားရေးနှင့် ကျောင်းအခြေ အနေများကို ပညာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ထို့ပြင် နိုင်ငံဝန်ထမ်းများ အနေဖြင့်လည်း ဝေးလံခေါင်သီသည့် ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင် ကြရန်အတွက် မကြောက်ရွံ့ကြရန်နှင့် ကိုယ့်တတ်နိုင်သည့် ဘက်က မေတ္တာဖြင့် အကောင်းဆုံးပံ့ပိုးလုပ်ဆောင် ပေးကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။
အုပ်ချုပ်ရေး ယန္တယားအတွင်း ပါဝင်ဆောင်ရွက်နေသူများ အနေဖြင့်လည်း ပြည်သူလူထုအပေါ် ကတိကဝတ်များ လွယ်လွယ် မပေးရန်နှင့် လွယ်လွယ် ကတိပေးမိသည့်အခါ မဖြစ်မြောက်သည့်အခါ ပြည်သူလူထု၏ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။