လွန်ခဲ့သော နှစ်ပေါင်း ၂၈၀၀၀ က နောက်ဆုံးရှင်သန်ခဲ့ပြီး ယူကာဟု အမည်ပေးထားသည့် ရှေးဟောင်းအမွှေးရှည် ဧရာမဆင်တကောင်၏ ရုပ်ကြွင်းကို ဆိုက်ဘေးရီးယား မြောက်ပိုင်း အစဉ်အေးခဲနေသော လွင်ပြင်တခုတွင် ပုံစံမပျက် တွေ့ရှိခဲ့ရသည်။
သို့သော် ထိုအေးခဲနေသော သင်္ချိုင်းတွင် ယူကာ၏ဖြစ်စဉ်က အဆုံးသတ်သွားသည် မဟုတ်ပါ။
အဆိုပါဆင်ကို ၂၀၁၀ ပြည့်နှစ်က ပုံစံမပျက်ဘဲ ကျန်ရှိနေကြောင်း ရှာဖွေတွေ့ခဲ့ရပြီး ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များက ယူကာ၏ အရေးပါသော ဆဲလ်များကို ကြွက်များ၏ မျိုးဥဆဲလ်ထဲသို့ ထိုးသွင်းမွေးမြူခြင်းဖြင့် နှစ်ပေါင်းများစွာ မျိုးသုဉ်းသွားခဲ့သောသတ္တဝါ၏ ဇီဝလှုပ်ရှားမှုလမ်းကြောင်းကို ပြန်လည်လှုပ်နှိုးခဲ့ပြီဖြစ်သည်။
“နှစ်ပေါင်းများစွာကြာပြီဖြစ်ပေမယ့်လည်း ဒီဟာက ဇီ၀ လှုပ်ရှား သက်ဝင်နေမှု ရှိနေတုန်းပဲဆိုတာနဲ့ အဲဒီဆဲလ်အစိတ်အပိုင်းကို ပြန်ဖန်တီးရတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ” ဟု ကင်ဒိုင်တက္ကသိုလ်မှ မျိုးဗီဇအင်ဂျင်နီယာ ကိုင်မီယာမိုတိုက AFP သို့ ရှင်းပြသည်။
၎င်းတို့စမ်းသပ်ချက်တွင် သုတေသီများသည် ယူကာ၏ရုပ်ကြွင်းမှ ရိုးတွင်းခြင်ဆီနှင့် ကြွက်သားတစ်သျှူးများကို ထုတ်ယူခဲ့ပြီး ဓါတ်ခွဲခန်း၌ ကြွက်အရှင်၏ မျိုးဗီဇဆဲလ်(oocytes) အတွင်းသို့ နျူးကလီးယပ်စ်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်ပုံ ထည့်သွင်းကြည့်ကြသည်။
ဧရာမဆင်ရုပ်ကြွင်းတစ်သျှူး၏ ၂၇၃.၅ မီလီဂရမ်မှ ဆဲလ်ဖွဲ့စည်းပုံ စုစုပေါင်း ၈၈ ခုကို စုဆောင်းခဲ့ပြီး တဖန် ယင်းဆဲလ်ဖွဲ့စည်းပုံအချို့ကို မျိုးဥများအတွင်းသို့ ထိုးသွင်းကြည့်သည်။ ထိုးသွင်းသည့် မျိုးဥများမှာ ရှိနှင့်ပြီးသော ဆဲလ်ခွဲခြားမှုအတိုင်း ဆဲလ်လှုပ်ရှားမှု လက္ခဏာပြသသည့် အထူးပြုဆဲလ်တစု ဖြစ်ကြသည်။
“ ပြန်ဖွဲ့စည်းထားတဲ့ မျိုးဗီဇဆဲလ်တွေထဲမှာ ဧရာမဆင်မျိုးစိတ်ဆဲလ်က စုစည်းခြင်း၊ ပါင်းစပ်ခြင်းနှင့် တစိတ်တပိုင်း နျူးကလီယား ဖွဲ့စည်းခြင်းတို့ကို ပြသပါတယ်” ဟု သုတေသီများက ယခုစာတမ်းအသစ်တွင် ရှင်းပြထားသည်။ “ဒါပေမယ့် အက်ကွဲမှုအတွက် ဆဲလ်နျူးကလိုင်း လှုပ်ရှားမှု အပြည့်အစုံကို အတည်မပြုရသေးပါဘူး”။
ယခု ကန့်သတ်ထားသည့် ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုမှာ မပီပြင် ဝိုးတဝါးသာ ရှိသေးသော်လည်း တွေ့ရှိချက်အသစ်များမှာ မှတ်သားဖွယ်ရာကောင်းလှသည်။ “အနည်းဆုံးအစိတ်အပိုင်းအနေနဲ့ ဆဲလ်နျူးကလိုင်းတွေဟာ နှစ်ပေါင်း ၂၈၀၀၀ ကျော်တာတောင် တည်တံ့နိုင်သေးတယ်ဆိုတာ သိလိုက်ရပါတယ်” ဟု အဆိုပါသုတေသီများက ဆိုသည်။
ဧရာမဆင်ရုပ်ကြွင်းကနေ သိပ္ပံခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပါပြီဟု မီယာမိုတိုက ကောက်ချက်ချလိုက်ပြီး နှစ်ပေါင်းများစွာ ကွယ်ပျောက်နေသော မျိုးစိတ်များကို ပြန်လည်ဆန်းသစ်နိုင်မှုအဖြစ် Jurassic Park သိပ္ပံဇာတ်ကားထဲက ပုံစံမျိုးဖြင့် စူးစမ်းရေး ခရီးရှည် ဆက်ရဦးမည်ဖြစ်ကြောင်း ကိုင်မီယာမိုတိုက အသိပေးပြောကြားသည်။
“ကျနော်တို့တွေဟာ ဆဲလ်နျူကလိုင်းကို ပိုကောင်းတဲ့အနေအထားကို ထိန်းထားနိုင်ခဲ့ပြီ။ ဆဲလ်ခွဲခြားမှုအဆင့်ကိုလည်း အဆင့်မြင့်သုတေသနပြုဖို့ ကျနော်တို့မျှော်လင့်ပါတယ်” ဟု မီယာမိုတိုက အဆာဟိရှင်ဘွန်းသတင်းစာသို့ ပြောသည်။
ပျက်စီးမှုနည်းသည့် နမူနာပုံစံများဖြင့် သုတေသီများ၏ အကြံပြုချက်များတွင် DNA ပုံတူမျိုးပွားခြင်းနှင့် အသွင်ပြောင်းတို့ကဲ့သို့ နောက်ထပ်နျူးကလီးယားလုပ်ဆောင်ချက် ဖြစ်လာနိုင်စရာ အနုမာနအဆိုကို အကြမ်းဖျဉ်းချပြထားသည်။
နည်းပညာ ပိုကောင်းလာရေးမှာလည်း နောက်ထပ် လိုအပ်ချက်တခုဖြစ်သည်။ ၂၀၀၉ ခုနှစ်က အလားတူစမ်းသပ်မှုအဖွဲ့ကမူ ခိုင်လုံသည့်စူးစမ်းချက် မတွေ့ခဲ့ဘဲ ထိုစဉ်က နည်းပညာပိုင်းအရ ကန့်သတ်ချက်ကြောင့် သိပ္ပံပညာရှင်များအနေဖြင့် အနည်းဆုံး တစိတ်တပိုင်းသာ ကောက်ချက်ချနိုင်ခဲ့သည်။
အဆုံးသတ်တွင် ပျောက်ကွယ်သွားပြီးဖြစ်သည့် ဧရာမတိရစ္ဆာန်ကြီးများ၏ မျိုးစိတ်များရှိ နျူကလိုင်း၏ ဇီဝဆိုင်ရာ လှုပ်ရှားမှု ပြန်လည်သုံးသပ်ရေး စင်မြင့်သစ်တခုကို သိပ္ပံပညာအတွက် ပံ့ပိုးပေးနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။ တနေ့တွင် အဆိုပါစူးစမ်းချက်အတွက် နှစ်ဆတိုးတက်လာနိုင်ပြီး ယူကာကဲ့သို့ တိရိစ္ဆာန်ကြီးများ ပြန်ရှင်သန်လာသည်ကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။
ကိုးကား။ ။ www.sciencealert.com