လိင်တူ ဆက်ဆံသူများနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အပေါ် သေဒဏ်ပေးသော စူလတန် ဘုရင်၏ ဥပဒေကြောင့် ဘရူနိုင်းပိုင်ဟိုတယ် ၉ လုံးအပေါ် ရုပ်ရှင်မင်းသား ဂျော့ကလူနေး၏ သပိတ် မှောက်မှုတွင် ဗြိတိန်လူမျိုး ဂန္ထဝင်ပေါ့ပ်အဆို တော် အဲလ်တန်ဂျွန်လည်း ပူးပေါင်းပါဝင်လာခဲ့သည်။
ယင်း ဥပဒေသစ်များကို ဝိုင်းဝန်းကန့်ကွက်၍ သပိတ်ထောက်ခံသည့် စာရင်းတွင် နိုင်ငံရေးသမား များနှင့် နာမည်ကျော် အနုပညာရှင်များက ၎င်း အမည်စာရင်းများ ပေးသွင်းမှု တိုးပွားလာနေသည်။
“တယူသန် ထင်ရာစိုင်းပြီး လိင်တူတွေကို ခွဲခြားဆက်ဆံတဲ့ ဘရူနိုင်းနိုင်ငံမှာ လိင်တူချစ်သူတွေအပေါ် လူမဆန်အောင် ပြုမှုနေမှု အပေါ် စူလတန်ရဲ့ဟိုတယ်တွေကို သပိတ်မှောက်နေတဲ့ ကျနော့်သူငယ်ချင်း ဂျော့ကလူနေးကို ကျနော် ထောက်ခံပါတယ်” ဟု အဆိုတော် အဲလ်တန်ဂျွန်က ၎င်း၏ Twitter စာမျက်နှာတွင် စနေနေ့နှောင်းပိုင်းက ရေးသား လွှင့်တင်သည်။
လိင်တူချစ်သူများ အခွင့်အရေး ဝါရင့်လှုံ့ဆော်ရေးသမားတဦးဖြစ်သူ အသက် ၇၂ နှစ်အရွယ်ရှိပြီသည့် ၎င်းက ဟိုတယ် များအပေါ် စာနာမှုကြောင်း ထုတ်ဖော်ပြောကြားသော်လည်း “ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တတ်အားသမျှ နည်းလမ်းနဲ့ ဒီလိုလက်မခံနိုင်တဲ့ ဥပဒေမျိုးကို ကန့်ကွက်တဲ့အကြောင်း သတင်းစကားပါးကို ပါးရမှာပဲဖြစ်ပါတယ်” ဟု ဆိုသည်။
မင်းသားကြီး ဂျော့ ကလူနေးသပိတ်မှောက်သည့် ဟိုတယ် ၉ လုံးမှာ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် အမေရိကန်နိုင်ငံတွင် တည်ရှိကြသည်။ ၎င်းဟိုတယ်များထဲတွင် လော့စ်အင်ဂျလိမြိုရှိ Beverly Hills ဟိုတယ်နှင့် လန်ဒန်၏သီးသန့် ဒေါ်ချက်စတာ တို့လည်း ပါဝင်ကြသည်။
The Dorchester Collection ဟိုတယ်လုပ်ငန်းက ကြေညာချက်တရပ်ထုတ်ပြန်ရာတွင် “နယ်မြေ အားလုံးတို့တွင် တန်းတူ ညီမျှရေး၊ လေးစားရေးနှင့်သစ္စာသမာဓိရှိရေး” တို့ကို အလေးပေး ဖော်ပြ ထားပြီး မည်သည့်ခွဲခြားဆက်ဆံမှုမျိုးမဆို ၎င်းတို့အနေဖြင့် သည်းခံနေမည်မဟုတ်ကြောင်း CNN က သတင်းက ဆိုသည်။
ယခုသီတင်းပတ် အစောပိုင်းက ဂျော့ ကလူနေးသည် “လိင်တူချစ်သူဖြစ်ခြင်း(သို့မဟုတ်) အိမ်ထောင် ရေး ဖောက်ပြန်ခြင်း စွဲချက်ဖြင့် ၎င်းနိုင်ငံသားများကို သေဒဏ်ပေးမည့် နိုင်ငံမှ ဟိုတယ် ၉ လုံးတို့တွင် တည်းခိုခြင်းမပြုရေး၊ အစည်းအဝေးကျင်းပ၍ စားသောက်ခြင်းမပြုရေးတို့ဖြင့် သပိတ်မှောက်ကြရန် ဆော်သြခဲ့သည်။