တပ်မတော်က တရားစွဲဆိုခြင်း ခံရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ကျန်းမာရေး အခြေအနေကြောင့် အာမခံ ထပ်မံ လျှောက်ထားမှုအား အင်းစိန် မြို့နယ် တရားရုံးက ယနေ့ ရုံးချိန်းတွင် ပယ်ချလိုက်သည်။
၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဝေဖန် ရေးသားမှုများကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ ရန် ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်းက တရားလို ပြုလုပ်၍ အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နှင့် တရား စွဲဆို ထားခြင်း ဖြစ်သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးက“ကင်ဆာ ဖြစ်ပြီးတော့ အသည်းကို လှီးထုတ်ထားတယ်။ ဒီနေ့လည်း အာမခံ လျှောက်တာ အာမခံ မပေးဘူး”ဟု တရားရုံးက အပြန်တွင် ပြောသည်။
အမှုတွင် တရားလိုပြ သက်သေ အနေဖြင့် တပ်မတော် အရာရှိ ၅ ဦးအား တင်ပြထားပြီး ယနေ့ ရုံးချိန်းတွင် တရားလို ဖြစ် သည့် ဒု ဗိုလ်မှူးကြီး လင်းထွန်းအား စစ်ဆေးခဲ့ခြင်း ဖြစ်ကာ တရားလိုပြ သက်သေများ ဆက်လက် စစ်ဆေးရန် မေလ ၉ ရက်ကို ရုံးချိန်း ထပ်မံ ချိန်းဆိုထားသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် စစ်အစိုးရ လက်ထက် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံရေးတွင် တပ် မတော်၏ ပါဝင်မှု အခန်းကဏ္ဍ တို့ကို ပြင်းထန်စွာ ဝေဖန် ရေးသားမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။
ထိုသို့ ရေးသားမှုများကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒု ဗိုလ်မှူးကြီး လင်းထွန်းကပင် မတ်လ ၂၉ ရက်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။
ယင်းနောက်တွင် အဆိုပါ တပ်မတော် အရာရှိက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အာမခံပေး၍ မရသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် ဒုတိယ အကြိမ် ထပ်မံ တရားစွဲဆိုခြင်း ဖြစ်သည်။
တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က“သူက ကင်ဆာကြောင့် အသည်း တခြမ်း လှီးထုတ်ထားရပြီး နှလုံးနဲ့ ကျောက်ကပ် ရောဂါပါ ခံစား နေရတာ။ ဆေးမှတ်တမ်းတွေ တင်ပြပြီး အာမခံ လျှောက်တာကို ဥပဒေ အရာရှိက ဆရာဝန် ကို စစ်ဆေးရခြင်း မရှိသေးဘူး ဆိုပြီး အကြောင်းပြကာ ငြင်းပယ်ခဲ့တယ်။ သူ့ရဲ့ကျန်းမာရေးက စိုးရိမ်ရပါတယ်”ဟု ပြော သည်။
ဝေဖန် ရေးသားမှု ဖြစ်ရပ် တခု အပေါ် တပ်မတော်မှ ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိ ကြောင်းနှင့် ကျန်းမာရေး အခြေအနေ အရ အာမခံ ရရှိရေးအား ဆက်လက် လျှောက်ထားသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖမ်းဆီးခံရမှုနှင့် ပတ် သက် ပြီး အာမခံရရှိရေးနှင့် အမြန်ဆုံး လွှတ်ပေးရေး တို့ကို နယ်သာလန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ချက်၊ လစ်သူ ယေးနီးယား၊ တောင်အာဖရိက၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ဟန်ဂေရီ နိုင်ငံများမှ ရုပ်ရှင် အဖွဲ့အစည်းများက လက်မှတ် ရေးထိုး ကာ တောင်းဆိုထားသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုဂျင်မီက“ဒီရက်ပိုင်း တပ်မတော်က တရားစွဲတဲ့အမှုတွေ တော်တော်လေး များလာတယ်။ ဒါက ကောင်းတဲ့ ပုံရိပ်တခု မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည် အတွက်လည်း မကောင်းဘူး။ ဒီအမှု အပါအဝင် အခြား အမှုတွေ အကုန်လုံးက နိုင်ငံတကာရဲ့အမြင်မှာ တိုင်းပြည်ရဲ့ပုံရိပ် ထိခိုက်စရာ အကြောင်းတွေ ရှိနေတယ်။ ဖြစ်နိုင်လို့ရှိရင် အမှုတွေ ကို အမြန်ဆုံး ပြန်ရုပ်သိမ်းပြီးတော့ ဒီလူတွေ အကုန်လုံးကို ပြန်လွှတ်ပေး လိုက်တာ အကောင်းဆုံးပဲ”ဟု ပြောသည်။
တပ်မတော် အနေဖြင့် ယခု ဧပြီလ အတွင်း၌ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဒေါင်းတို့ မျိုး ဆက် သံချပ် အဖွဲ့ဝင်များအား တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်စေရန် ဝေဖန် ဟောပြော ရေးသားသည်ဟု ဆိုကာ ပုဒ်မ ၅၀၅ (က)/(ခ)၊ ပုဒ်မ ၆၆(ဃ) တို့နှင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ တပ်မတော်၏ တရားစွဲ ခံရသူများသည်လည်း အာမခံ မရရှိဘဲ အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ခံရကာ အမှု ရင်ဆိုင်ရလျက် ရှိသည်။