မိသားစုကိုကာကွယ်ရန်ပျက်ကွက်ခြင်းနှင့် တရုတ်နိုင်ငံ၏ မသမာမှုတွင် ပါဝင်ပတ်သက်ခြင်းတို့အတွက် ဇာတိ တရုတ် နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းထား ခံရသော အင်တာပိုလ်အကြီးအကဲဟောင်း အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ကို ဇနီး ဖြစ်သူက တရားစွဲ ဆိုလိုက်ကြောင်း တနင်္ဂနွေနေ့ကပြောကြောင်း Reuters သတင်းက ဆိုသည်။
သူမ၏ ခင်ပွန်းဖြစ်သူ မုန်ဟုန်ဝေးသည် နိုင်ငံတကာရဲတပ်ဖွဲ့ အခြေစိုက်ရာ ပြင်သစ်နိုင်ငံ နေအိမ်မှ တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်ပြီးနောက် ပျောက်ဆုံးနေကြောင်း ဇနီးဖြစ်သူ ဂရေ့စ်မုန်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ အစောပိုင်းက လူသိရှင်ကြားကြေညာထားပြီး ဖြစ်သည်။
မုန်ဟုန်ဝေး ပျောက်ဆုံးပြီးနောက် အင်တာပိုလ်က ၎င်းသည် ဥက္ကဌ အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်ကြောင်း အောက်တိုလာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
မန်ဟုန်ဝေး ဇနီး ဂရေ့ စ်မုန်၏ စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း သူမ၏ ခင်ပွန်းသည်အား တရုတ်နိုင်ငံ၏ အရေးယူ ဆောင်ရွက်မှုများတွင် အင်တာပိုလ် အနေဖြင့် လုံး၀ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အင်တာပိုလ် ပြောခွင့်ရသူတဦး ကပြောသည်။
မန်ဟုန်ဝေး အမှုအတွက် နယ်သာလန်နိုင် သည်ဟိဂ်မြို့ ရှိ စီရင် ဆုံးဖြတ်မှု ဆိုင်ရာ အမြဲတမ်း တရားရုံးတွင် ဥပဒေကြောင်း အရ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အင်တာပိုလ်သည် သူ၏ မိသားစုကို ကူညီ ကာကွယ်ရန် ပျက်ကွက်ပြီး အင်တာပိုလ် အဖွဲ့ဝင် တရုတ်နိုင်ငံ၏ နိုင်ငံတကာ မသမာမှုတွင် ကြံရာပါ ဖြစ်ကြောင်း ဂရေ့စ်မုန်က ကြေညာချက်တွင် ဖေါ်ပြထား သည်။
“ခုံရုံး တခုဖွဲ့ပြီး ကျမရဲ့ ခင်ပွန်းသည် ပျောက်ဆုံးမှုဟာ အင်တာပိုလ်က ပြောသလို ပြင်သစ်နဲ့ တရုတ်နိုင်ငံက သက် ဆိုင်ရာ အာဏာပိုင်တွေနဲ့ပဲ ဆိုင်တဲ့ ကိစ္စ ဟုတ်မဟုတ်နဲ့ အင်တာပိုလ်က ကျမတို့ မိသားစု အတွက် တာဝန် ချိုးဖေါက် လား မဖေါက်လားကို ဆုံးဖြတ်မယ်” သူမ၏ ရှေ့နေများကထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထိုသို့ ထုတ်ဖေါ် ပြောဆိုခြင်း အတွက် တရားစွဲမည်ဟု အင်တာပိုလ်က သူမကို ခြိမ်းခြောက်ခဲ့သည်ဟုလည်း ပြောသော်လည်း အင်တာပိုလ်က ထိုအချက်ကို ငြင်းဆိုသည်။
“ဂရေ့စ်မုန်ကို ခြိမ်းခြောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို အင်တာပိုလ်က အပြင်းအထန်ငြင်းဆိုပါတယ်” ဟု အင်တာပိုလ် ပြောခွင့်ရသူကငြင်းသည်။
အင်တာပိုလ်အကြီးအကဲဟောင်း မန်ဟုန်ဝေး ပျောက်ကွယ်ပြီးနောက် လအတန်ကြာသောအခါ တရုတ် အစိုးရ ရှေ့နေများကို သူ့ကို စွဲချက်တင်ပြီး အာဏာ အလွဲသုံးသည်၊ လာဘ်ယူသည်ဟု စွပ်စွဲသည်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီကလည်း မန်ဟုန်ဝေးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ကြောင်းနှင့် သူသည် နိုင်ငံပိုင် ရန်ပုံငွေများကို ရက်ရက်ရောရော သုံးပြီး အာဏာ အလွဲသုံးစား လုပ်သကဲ့သို့ ပါတီဆုံးဖြတ်ချက်များကိုလည်း လိုက်နာခြင်းမရှိကြောင်း မတ်လတွင်ကြေညာသည်။
မန်ဟုန်ဝေး၏ ဇနီး ဂရေ့စ်မုန်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆန်ပြီး သူ့၏ ခင်ပွန်းအား ဖမ်းဆီးခြင်းမှာ နိုင်ငံရေး ပရောဂမကင်းသော လုပ်ရပ် ဖြစ်သည်ဟု ဆိုသည်။
ထို့နောက် သူမသည် ပြင်သစ်တွင် နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားရာ ပြင်သစ်အာဏာပိုင်များက မေလတွင် ခိုလှုံခွင့်ပေးခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများတွင် ခေါင်းဆောင်မှုနေရာများရယူရန်ကြိုးစားလာပြီးနောက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မုန်သည် အင်တာပိုလ် ဥက္ကဌဖြစ်လာသည်။ တရုတ်နိုင်ငံသည် ပြည်ပမှ သဘောထား ကွဲလွဲသူ များ ကို ချေမှုန်းရန်အတွက် မန်ဟုန်ဝေး ၏ရာထူးကို အသုံးပြုလိမ့်မည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထိုစဉ်က စိတ်ပူခဲ့သည်။
သမ္မတရှီကျင့်ဖျင်လက်အောက်တွင် တရုတ်နိုင်ငံသည် အရာရှိများ အဂတိလိုက်စားမှုကို အကြီးအကျယ် ချေမှုန်းခဲ့သည်။