အများပြည်သူ ဆန္ဒသဘောထားအရ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည့် ပြင်ဦးလွင် မြို့မိမြို့ဖများ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို စက်တင်ဘာလ၂၈ ရက်၌ ပြင်ဦးလွင်မြို့ရှိ တိုင်းရင်းသား ကျေးရွာတွင် ပြုလုပ်သွားမည်ဟု သိရသည်။
မြို့မိမြို့ဖ ရွေးချယ်ရေး ကော်မရှင် ဒု ဥက္ကဋ္ဌ ဦးဝေဠုက “မြန်မာပြည်မှာ မြို့မိမြို့ဖ ဆိုတာကို ကျနော် တို့မြို့က ပထမဆုံး စတင်ရွေးချယ်တယ်လို့ ပြောရင်ရတယ်။ စနစ်တကျနဲ့ ဒီမိုကရေစီနည်း ကျကျနဲ့ ပေါ့။ အဓိက ဘာလဲဆိုတော့ တောက်လျှောက် ကျင့်သုံးလာတဲ့ မှားယွင်းနေတဲ့ Process တခုကို ဒီမိုကရေစီနည်းကျကျ တည့်အောင်လုပ်တဲ့ သဘောပါပဲ” ဟု ပြောသည်။
အဆိုပါ ရွေးချယ်ပွဲကို စက်တင်ဘာ ၁၇ ရက်က ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ မြို့မိမြို့ဖရွေးချယ်ရေး ကော်မရှင်မှ ဦး ဆောင်ကျင်းပခြင်းဖြစ်ကာ လူဦးရေ ၈၀၀ ကျော် တက်ရောက်ခဲ့ပြီး အိမ်ထောင်စု ပေါင်း ၄၄၀ ကျော်၊ မဲပေးသူပေါင်း ၄၄၂ ဦးရှိပြီး မြို့မိမြို့ဖ ၇ ဦးကို ရွေးချယ်ခဲ့ကြသည်။
ဦးဝေဠုက “ကျနော်တို့က ပထမဆုံး အနေနဲ့ မြို့ရဲ့ တက်ကြွလှုပ်ရှားသူတွေထဲက ပါဝင်သင့်တဲ့သူတွေ အကုန်လုံးကို ဖိတ် ကြားပြီးတော့မှ မြို့မိမြို့ဖ ရွေးချယ်ရေး ကော်မရှင်ကို ဖွဲ့လိုက်တယ်။ နောက်ပြီး တော့ မြို့မိမြို့ဖ ဖြစ်ထိုက်ဖို့ အတွက် အရည်အချင်းကို ကျနော်တို့က သတ်မှတ်မပေးဘဲနဲ့ ရပ်ကွက် ကြီး ၂၁ ရပ်ကွက်လုံးကို ကွင်းဆင်းပြီးတော့ စစ်တမ်း ကောက်ခဲ့တယ်။ အဲဒီစစ်တမ်းအပေါ်မှာ ပြည်သူတွေ လိုလားတဲ့ မြို့မိမြို့ဖတွေရဲ့အရည်အချင်းကို သတ်မှတ်ခဲ့တာပါ”ဟု ဆက်လက် ပြောသည်။
ယင်း ရွေးချယ်ရေး အဖွဲ့မှ မြို့မိမြို့ဖ အရည်အချင်းများအား ထုတ်ပြန်ပေးခဲ့ပြီး တအိမ်ထောင် ၁ မဲနှုန်း၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မူရင်းဖြင့် ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်းဟု သိရသည်။
မြို့မိမြို့ဖ အရည်အချင်းများ ထုတ်ပြန်ရာတွင် ဝင်ရောက် အရွေးချယ်ခံရသူသည် ဒေသခံ နာမည်ပျက် မရှိသူ၊ မြို့နေ ပြည်သူများ၏ ကြည်ညိုလေးစားခြင်း ခံရသူများ ဖြစ်ရမည်ဆိုသည့် အချက်ကို အဓိက ဦးစားပေး သတ်မှတ်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသူ ၉ ဦး အနက်မှ ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မြို့မိမြို့ဖရွေးချယ်ပွဲမှ မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူများမှာ ရပ်ကွက် ၁၇ မှ ရှေ့နေကြီး ဦးခင်မောင် လှ၊ ရပ်ကွက် ၆ မှ ဟိုတယ်လုပ်ငန်းရှင် ဦးဥက္ကာ၊ ရပ်ကွက် ၆ ရှိ ပြင်ဦးလွင် ကိုယ်ပိုင် အထက်တန်း ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝင်နီမြင့်၊ ရပ်ကွက် ၁၂ မှ ဟိုတယ် လုပ်ငန်းရှင် ဦးဟန်စိုး၊ ရပ်ကွက် ၅ မှ စိုက်ပျိုးရေး လုပ်ငန်းရှင် ဦးလှထွေး၊ ရပ်ကွက် ၁၇ မှ အထက်တန်း ကျောင်းအုပ်(ငြိမ်း) ဒေါ်ဆိုင်းနန်၊ ရပ်ကွက် ၅ မှ ယိုစုံလုပ်ငန်းရှင် ဦးမောင်မောင် တို့ဖြစ်သည်။
မဲအများဆုံးနှင့် မြို့မိမြို့ဖ အဖြစ် ရွေးချယ်ခံရသူ ဦးခင်မောင်လှက “ကျနော်တို့ လုံး၀ မျှော်လင့်မထား တဲ့ တာဝန်တခု ဖြစ် ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူများရဲ့သဘောဆန္ဒနဲ့ ရွေးချယ်ပေးလိုက်တဲ့ မြို့မိ မြို့ဖ ၇ ဦး အနေနဲ့ မြို့အတွက်ကို တည့် တည့်မတ်မတ် အင်ကောင်းအားကောင်းနဲ့ ဖြစ်ဖို့ ဘယ်လိုပုံစံ နဲ့ ရပ်တည်မလဲ ဆိုတာကို ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ပြီးတော့ မြို့မိမြို့ဖဆိုတာ ဒီမြို့နယ်ကြီး တခုလုံး အတွက် အမိ အဖသဖွယ် ဆောင်ရွက်ကြရမှာဖြစ်တဲ့ အတွက် ပြည်သူများကို အပြန်အလှန် လေးစားမှု နဲ့ ဆက်ဆံသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အများပြည်သူ၏ ရွေးချယ်မှုဖြင့် မြို့မိမြို့ဖ အဖွဲ့ ပေါ်ပေါက်လာခြင်းကို ကြိုဆိုပြီး ရွေးချယ်ခံရသူ များ သည် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ဒေသအကျိုးများကို ယခင် မြို့မိမြို့ဖများထက် ပိုမို ဆောင်ရွက်ပေးနိုင်ရန်ကို မျှော်လင့်ကြောင်း ပြင်ဦးလွင် ဒေသခံများက ပြောသည်။
ဒေသခံ ဦးသန်းထွန်းအောင်က “မဲစနစ်နဲ့ ရွေးချယ်တဲ့မြို့မိမြို့ဖတွေ ပေါ်လာတော့ မြို့အတွက် အကောင်းဆုံးတွေချည်းပဲ မဟုတ်တောင် သင့်တင့်မျှတတဲ့ ကောင်းမွန်ခြင်းတွေပဲ ရမယ် ဆိုရင်ကို ကျေနပ်ပါတယ်။ မြို့မိမြို့ဖဆိုပြီး ခေတ် အဆက် ဆက် ပေါ်လာခဲ့တယ်။ မြို့အတွက် ထင်သလောက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြဘူး၊ အခု ပေါ်ထွက်လာတဲ့ မြို့မိ မြို့ဖတွေအနေနဲ့ မြို့မှာ ယိုယွင်း နေတဲ့ ကိစ္စလေးတွေက အစ ဦးဆောင်ပြီးတော့ ပြုပြင်ပေးစေချင်တယ်” ဟု ဆိုသည်။
ပြင်ဦးလွင်မြို့ ဒေသခံ ဦးသုခကလည်း “မြို့မိမြို့ဖတွေကို တရားဝင် ပွင့်ပွင့်လင်းလင်းပဲ အများရှေ့မှာ ရွေးချယ်ခဲ့ကြတာပဲ လေ။ မလုပ်ခင်မှာလည်း မြို့လူထုသိအောင် အသိပေး အကြောင်းကြားပြီးမှ လုပ်တာဖြစ်တဲ့အတွက် အများအကျိုးကို ဆောင်ရွက်နိုင်ကြမယ့် ပုဂ္ဂိုလ်တွေလို့ပဲ မြင်ပါတယ်။ ကျနော်တို့မြို့မှာတော့ လုပ်စရာတွေကတော့ အများကြီးပေါ့။ အဓိက ကတော့ မြို့အတွက် လိုအပ်မယ့် အရာတွေကို ဦးစားပေးပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးစေချင်တာပါပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မြို့မိမြို့ဖကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲစနစ်ဖြင့်ရွေးချယ်ခြင်းမှာ ပြင်ဦးမြို့သည် ပထမဦးဆုံး ဖြစ်ပြီး ရွေးချယ်ခံရသူများအား တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်က ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်က “မြို့မိမြို့ဖ ဆိုတာ မြို့လူထုရဲ့ အမိအဖ သဖွယ်၊ ကျနော်တို့ရဲ့အမိအဖ နေရာမှာလည်း ထားပါတယ်။ ကျနော်တို့က လည်း မြို့အတွက် ကောင်းဖို့ရာ ဘာပဲ လုပ်လုပ် ညှိနှိုင်း တိုင်ပင်ပြီးမှ လုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ရွေးချယ်ခံရသည့် မြို့မိမြို့ဖ အဖွဲ့အောက်တွင် ကော်မတီများ ဖွဲ့စည်းပေးထားကာ ဘဏ္ဍာရေး၊ ငွေ စာရင်း၊ မူဝါဒရေးရာ၊ သတင်းနှင့်ပြန်ကြားရေး၊ လူမှု/ဘာသာရေး၊ လူငယ်ရေးရာ၊ သဘာ၀ အရင်း အမြစ်၊ ရှေးဟောင်း အမွေအနှစ်အဖွဲ့၊ ကျန်း မာရေးနှင့် အားကစားအဖွဲ့၊ ဥပဒေရေးရာ အဖွဲ့၊ မြို့ပြ ဖွံ့ဖြိုးရေးအဖွဲ့၊ ရုံးအဖွဲ့များ ပါဝင်ပြီး မြို့မိမြို့ဖ သက်တမ်းကို အစိုးရ သက်တမ်းနှင့် အတူ သတ်မှတ်ထားသည်။
ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီသည် မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူများနှင့် အတူလက်တွဲကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ဦးဇာနည် မောင်က ပြောသည်။
ရွေးချယ်ခံရသည့် မြို့မိမြို့ဖအဖွဲ့ အနေဖြင့် မြို့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် ဒေသခံ သုဓမ္မသိင်္ဂံဒေါ်သန်းသန်းက ကျပ်သိန်း ၁၀၀ မတည် လှူဒါန်းပေးခဲ့ပြီး ရွေးချယ်ခံရ သည့် မြို့မိမြို့ဖအဖွဲ့ အနေဖြင့် လည်း ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး အတွက်ကို လတ်တလော ဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရသည်။
ပြင်ဦးလွင်မြို့သည် ခရိုင်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး ၁၇ စတုရန်းမိုင် ကျယ်ဝန်းကာ ပြင်ဦးလွင်မြို့နယ် အတွင်း၌ ရပ်ကွက် ၂၁ ရပ်ကွက်နှင့် ကျေးရွာ ၁၁၆ ရွာရှိကာ လူဦးရေ နှစ်သိန်းခွဲကျော် နေထိုင် ကြောင်း သိရသည်။
ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အတွင်း ပါဝင်ကာ ပင်လယ်ရေ မျက်နှာပြင်မှ ၃၅၁၀ ပေ အမြင့်တွင် တည်ရှိသည်။
ပြင်ဦးလွင်ဆိုသည့် အမည်ကို ပုဂံမင်းလက်ထက်က မြန်မာအရာရှိတဦး ဖြစ်သည့် ဦးမောင်မောင်ဒွေး က မှည့်ခေါ်ခဲ့ခြင်းဖြစ်ပြီး၊ ၁၈၉၆ ခုနှစ် အင်္ဂလိပ်တို့ အုပ်စိုးသည့်အခါ ဘင်္ဂလား ခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ခေါ်တွင်ခဲ့သည်။
၁၉၀၂ခုနှစ်တွင် မေမြို့ စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ဥရောပတိုက်သား ကိုယ်စား လှယ်၊ မြန်မာတိုင်းရင်းသား ကိုယ်စားလှယ်၊ ဟိန္ဒူလူမျိုးကိုယ်စားလှယ်၊ မိုဟာမေဒင်ဘာသာကိုယ်စား လှယ်၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာချုပ်၊ စစ်ဘက်ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး၊ နယ်ပိုင်ဝန် ထောက်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။
ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရလက်ထက်တွင် ပြင်ဦးလွင်ဟု ပြန်လည် ပြောင်း လဲခေါ်တွင်ခဲ့ သော်လည်း စစ်အပြီး ဗြိတိသျှတို့ ပြန်လည် အုပ်ချုပ်ချိန်မှ စကာ မေမြို့ဟု ပြန်လည် ခေါ်တွင်ခဲ့ပြီး တပ်မတော် အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟု ပြန်ပြောင်းခေါ်စေခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့သည် ရာသီဥတုမှာလည်း အေးချမ်းသာယာသဖြင့် နွေရာသီတွင် လူအများ အပူရှောင် ရင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည် ထင်ရှားပြီး အင်္ဂလိပ်အစိုးရ လက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရ အရာရှိကြီးများသည် ပြင်ဦးလွင်မြို့(မေမြို့)သို့ လာရောက်၍ နေထိုင်လေ့ရှိပြီး ဗြိတိသျှတို့၏ လက်ထက်ကပြုပြင်ထားသော တောင်စခန်းမြို့ တခုလည်း ဖြစ်သည်။