လွှတ်တော်တွင်း သို့ ရောက်ရှိလာသည့် တပ်မတော်သား ကိုယ်စားလှယ်များသည် ယခု နေပြည်တော် လွှတ်တော် ရပ်နားထားချိန်တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ခြင်းသည် လွှတ်တော် ကိုယ်စားလှယ် ကျင့်ဝတ်နှင့် မညီကြောင်း အာဏာရ NLD ပါတီ အမတ်များက ပြောသည်။
ယခင် လွှတ်တော်သက်တမ်းနှင့် ယခု လွှတ်တော်သက်တမ်း အတွင်း ပြီးခဲ့သည့် စက်တင်ဘာလအထိ တကြိမ်မျှ မပြု လုပ်ခဲ့ဘူးသော်လည်း အောက်တိုဘာလ အတွင်း တပ်မတော်သား ကိုယ်စားလှယ် တချို့သည် နေပြည်တော်ရှိ မြို့နယ် တချို့ တွင် လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့သည့် အပေါ် ပြည်သူလူထုကို ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှု များ လည်း ဖြစ်ပေါ်လျက်ရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “သူတို့က လွှတ်တော်ထဲကို စဝင်ကတည်းက ဘယ့်သူကို ကိုယ်စားပြုပါတယ်ဆိုပြီး ရွေးကောက်ခံပြီး ဝင်တာ မဟုတ်ဘူး။ ဘယ်သူ က ဘယ် မဲဆန္ဒနယ် ဆိုတာလည်း မရှိဘူး။ အခု တဖြည်းဖြည်းနဲ့ သူတို့က အဲဒီလိုမျိုးဆင်းတော့ အဲဒီမှာ သက်ဆိုင်တဲ့ ကိုယ်စားလှယ်က နစ်နာတာပေါ့။ ဒါက လွှတ်တော် ကိုယ်စားလှယ် ကျင့်ဝတ်နဲ့လည်း မညီဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များသည် ကိုယ့်မဲဆန္ဒနယ်တွင် မိမိအား မဲပေးထားသူများကို ကိုယ်စားပြုရကြောင်း၊ တပ်မတော်သားများကို ပြည်သူက မဲပေး ရွေးချယ်ထားခြင်း မရှိကြောင်း၊ လွှတ်တော်ထဲသို့ ဝင်လာစဉ်ကလည်း မဲဆန္ဒ နယ်တခုခုကို ကိုယ်စားပြု၍ ဝင်လာခြင်း မဟုတ်သဖြင့် လွှတ်တော် ဥပဒေများနှင့် မညီသလို ကျင့်ဝတ်နှင့်လည်း မညီ ကြောင်း ၎င်းက ထောက်ပြသည်။
“အဲဒါကြောင့် ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေတို့မှာ တခါတည်း ထည့်သွင်း ပြဌာန်းသင့် တယ်။ မဟုတ်ရင် အငြင်းပွားစရာတွေ အများကြီး ရှိနိုင်တယ်။ ကျနော်တို့ လှိုင်မြို့နယ်မှာ ဆိုရင် လှိုင်မြို့နယ်က ပြည်သူတွေက ကျနော်တို့ကို မဲပေးပြီး ရွေးထားတာ။ အဲဒီလိုဆိုရင် တခြား လွှတ်တော် ကိုယ်စားလှယ်တွေက လှိုင် မြို့နယ်ထဲကို လာပြီး တွေ့ခွင့် မရှိဘူး။ ရွေးကောက်ခံ အချင်းချင်းတောင် ညှိနှိုင်းလုပ်ရတယ်။ တယောက်နဲ့တယောက် ကျင့်ဝတ်ထိန်းရတယ်”ဟု လှိုင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို မဲဆန္ဒနယ်မြေများသို့ မဆင်းရဟု ဥပဒေအရ ကန့်သတ်ချက် မရှိ သော်လည်း ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဆောင်ရွက်ရာတွင် ကျင့်ဝတ်သိက္ခာပိုင်းအရ ထိန်းသိမ်းရမည် ဖြစ် ကြောင်း NLD ပါတီမှ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းကလည်း ပြောဆိုသည်။
“သူ့မြို့နယ်အလိုက် ပြည်သူက ရွေးကောက် တင်မြောက်ထားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့ ဝင်လာတာ ဒီကိုယ်စား လှယ် တွေက အလုပ်မလုပ်လို့လား။ သူတို့ လုပ်နေတဲ့ပုံစံက။ ဒါမှမဟုတ် ၂၀၂၀ အတွက် ကြိုတင် ရည်ရွယ်တာလား။ ဘယ်လိုလဲတော့ မသိဘူး။ ဒါပေမယ့် လုပ်လို့ မရဘူးလို့တော့ ကန့်သတ်ထားတာမျိုးလည်း မရှိဘူး”ဟုလည်း ၎င်းက ပြောသည်။
၎င်းက ဆက်လက်၍“နယ်မြေပြန်ဆင်းရင် ပြည်သူကို ပြန်ရှင်းပြရမယ်ဆိုတာ ရွေးကောက်ခံတွေကို ပြောတာ။ ဒါမျိုး တွေ နောက်ပိုင်း မဖြစ်အောင်တော့ ရှင်းရှင်းလေးပဲ။ သူတို့အားလုံး မရှိတော့ရင် ကောင်းတာပေါ့။ ၂၅ ရာခိုင်နှုန်း မရှိ ရင် အဲဒီကိစ္စ ကင်းသွားမှာပေါ့ဗျာ။ ဒါပေမယ့် ချက်ချင်း လုပ်ချင်ရင်တော့ ဥပဒေပြင်ရင်တော့ ရတာပေါ့။ ဒါတွေသည် ရွေးကောက်ခံ ကိုယ်စားလှယ် အတွက်သာ ဖြစ်သည် ဆိုတာမျိုးပေါ့”ဟုလည်း ပြောဆိုသည်။
ဧရာဝတီ သတင်းဌာနက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နယ်မြေဆင်းသည့်အပေါ် လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မောင်မောင်ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရပါ။
တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ တဦး ဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ယခု ကိစ္စကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းသည်က ပိုကောင်းမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပြောနိုင်သည်မှာ တပ်မတော်တွင် ပြည်သူလူထုနှင့် ပတ်သက်၍ တပ်တွင်း စည်းလုံးရေး၊ တပ်ပြင် စည်းလုံးရေးတို့မှာ တပ်မတော်၏ အစဉ်အလာအရ ဆောင်ရွက်လာသည့် လုပ်ငန်းများသာ ဖြစ်ကြောင်း ရှင်းပြသည်။
“တပ်မတော်ရဲ့ အဓိက လုပ်ငန်း ၃ ရပ်ရှိတယ်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး တာဝန်တို့ ဖြစ်တယ်။ တပ်ပြင် စည်းရုံးရေးဆိုတဲ့ နေရာမှာ ကာကွယ်ရေး မဟာ ဗျူဟာ၊ ပြည်သူ့စစ် မဟာဗျူဟာ အရ စည်းရုံးရေးက အဓိကကျတဲ့အတွက် ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက် လျက်ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုထံသို့ စည်းရုံးရေး ဆင်းချင်ပါက ရွေးကောက်ပွဲ ဝင်ပြီး လုပ်သင့်ကြောင်း၊ ရွေးကောက်ပွဲ မဝင်ဘဲ ယခုလို စည်းရုံးရေး ဆင်းသည့်အခါ ပြည်သူလူထု၏ တောင်းဆိုချက် များကို အမှန်တကယ် လိုက်လုပ်ပေးနိုင်မည်လားဟု NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း က မေးခွန်းထုတ်သည်။
“သူတို့သွားသင့်တာက စစ်ဘေးရှောင် စခန်းတွေ၊ အဲဒီမှာ ဘာလိုအပ်လဲ သွားမေးသင့်တယ်။ အဲဒီလို ဆိုရင် ပြည်သူ လူထုနဲ့ ထိတွေ့မှု ပိုကောင်းတာမျိုး ဖြစ်လာနိုင်တယ်။ ပြည်သူကလည်း ပြောမှာပေါ့။ လူထုက သူတို့အပေါ်မှာ နားလည် မှု ရှိလာအောင် ဆောင်ရွက်တဲ့ အနေအထားမျိုးဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် အခုက တော်တော်လေး စဉ်းစားစရာတွေ ဖြစ်နေတယ်”ဟု ဦးအောင်သိန်း က ပြောသည်။
လက်ရှိ နေပြည်တော် ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့တွင် တပ်မတော်သား ကိုယ်စားလှယ်များသည် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ၊ ဥပဒေကြမ်းများတွင် ပါဝင်ဆွေးနွေးခြင်းများ ယခင် လွှတ်တော် သက်တမ်းကထက် ယခု လွှတ်တော် သက်တမ်းတွင် ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။
ထို့ပြင် အာဏာရ NLD ပါတီက ဦးဆောင် ကြိုးစားလာသည့် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကိုလည်း လွှတ်တော် အတွင်း ဆောင်ရွက်ချက်များသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဟု ဆိုကာ အပြင်းအထန် ကန့်ကွက်လျက် ရှိသည်။
“တပ်မတော်က နိုင်ငံရေးထဲကို တဖြည်းဖြည်း ပိုပြီးတော့ တိုးဝင်လာတယ်ဆိုတဲ့ သဘောပဲ။ ပိုပြီး တည်ဆောက်လာ တယ်။ အမျိုးဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားမှုတွေ လုပ်တယ်။ ဘာသာပေါင်းစုံ လှူဒါန်းပွဲတွေ လုပ်တယ်။ တပ်မတော် ထောက်ခံပွဲတွေ လုပ်တယ်။ အခု ကိုယ်စားလှယ်တွေပါ နယ်မြေဆင်းလာတယ်။ အဲဒီတော့ စစ်တပ်က နိုင်ငံရေး လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြောဆိုသည်။
You may also like these stories:
ဗိုလ်ချုပ်တဦး ၏ ဆဲဆိုမှု လွှတ်တော်နှင့် တပ်မတော်သို့ စာပို့ တိုင်ကြား
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီတွင် ပါဝင်ရန် တပ်နှင့် ကြံ့ခိုင်ရေး စာရင်း မပေးသေး