၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီတခု ဖွဲ့စည်းရန် မနက် ဖြန် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်မည် ဖြစ်ရာ ပါတီ၊ အဖွဲ့အစည်းများထံ အမည်စာရင်း တောင်းခံ ထားသော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့က စာရင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော်ထဲတွင် နိုင်ငံရေးပါတီ ၁၄ ခု၊ တပ်မတော်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ရှိရာ တပ်မတော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) နှင့် ရခိုင် အမျိုးသား ပါတီ (ANP) တို့က ပူးပေါင်းကော်မတီတွင် ပါဝင်ရန် လူစာရင်း ပေးပို့လာခြင်း မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံရေးပါတီ ၁၂ ခုကနေ အမည်စာရင်းပေးတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်က ဖြန့်ဝေတဲ့ မူကြမ်းမှာ မပါသေးပေ မယ့် တသီး ပုဂ္ဂလကလည်း ပေးပြီ။ ဒီပါတီ၊ ဒီအဖွဲ့အစည်းတွေက အမည်စာရင်း မပို့လို့ ချန်လှပ်ပြီး ဖွဲ့စည်းလိုက်ရင် လည်း ရတာပဲ။ ဒီအချိုးတွေကို အမည်စာရင်း ပေးပို့တဲ့ ပါတီတွေကို ဝေလိုက်လို့လည်း ရတာပဲ။ ဒါပေမယ့် အဲဒီလို လည်း မလုပ်ပါဘူး”ဟု ၎င်းက ပြောပြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ မူကြမ်းတွင် ဖော်ပြချက်အရ ကော်မတီကို လူ ၄၅ ဦးဖြင့် ဖွဲ့စည်းထားပြီး လွှတ်တော်ထဲရှိ ကိုယ်စားလှယ် ရရှိမှု အချိုးအစားအရ NLD ပါတီမှ ၁၈ ဦး၊ တပ်မတော်မှ ၈ ဦး၊ ကြံ့ခိုင်ရေး ပါတီမှ ၂ ဦး၊ တသီးပုဂ္ဂလ တဦးနှင့် ကျန် တိုင်းရင်းသား ပါတီများမှ တဦးစီဖြင့် ဖွဲ့ စည်းထားကြောင်း သိရသည်။
ယခုလို ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် အစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့သော်လည်း မည်သည့် ဆုံးဖြတ်ချက်မှ မချ နိုင် ခြင်း၊ အားလုံး၏ သဘောတူညီမှု မပါဘဲ လုပ်ငန်းတာဝန်များ ချထားခြင်းတို့သည် ၎င်းတို့ ခိုင်းသည့်အတိုင်း လိုက် လုပ်ရမည့် သဘော ဖြစ်နေကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ယနေ့ လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
“ဒါကြောင့် ဒါကို မနက်က ကိုယ်က သွားဆွေးနွေးတယ်။ တပ်ကလည်း ဒီအပေါ်မှာ သူတို့ မကျေလည်လို့ ဆိုပြီးတော့ တပ်ပါ ပါလာတဲ့ သဘောပေါ့။ ကိုယ်ရယ်၊ တပ်က ကိုယ်စားလှယ်ရယ်၊ နာယကကော၊ ဒုတိယ နာယကကောပေါ့။ သူတို့ နဲ့ သွားပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ သူကတော့ ဒီဟာ အဘက်ဘက်က ဆုံးဖြတ်ပြီးတော့ စဉ်းစားပြီး တော့ နာယက အနေနဲ့ အဆိုတရပ်ကို အကောင်အထည်ဖော်တာလို့ပဲ ပြောတယ်”ဟု ဦးသောင်းအေးက ပြောသည်။
ထို့ကြောင့် ယင်းကိစ္စကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်ခင် ပါတီ အဖွဲ့အစည်းများကြား ညှိနှိုင်း ဆွေးနွေး နေရသဖြင့် လွှတ်တော် အစည်းအဝေးကိုပင် မိနစ် ၂၀ ခန့် နောက်ကျ၍ ကျင်းပခဲ့ရသည်။
ANP ပါတီက စာရင်းမပေးခြင်းမှာ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို သဘောမတူ၍ မဟုတ်ဘဲ ကိုယ်စားလှယ် ၂ ဦးရရှိရန် တင်ပြ ထားသော်လည်း မရရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်မည်ဟု ယေဘုယျ ဆုံးဖြတ်ထား ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“ပူးပေါင်းကော်မတီမှာတော့ ယေဘုယျအားဖြင့် ပါဝင်မယ်လို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမယ့် ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေက ကွဲကွဲပြားပြား မဖြစ်ဘူး။ ပူးပေါင်းကော်မတီက ဘာတာဝန်ရှိလဲဆိုတာ ဒီဘက်မှာ ဆွေးနွေးနေကြ တယ်။ ဖွဲ့စည်းပုံပြင်မယ် ဆိုရင် ၂၀ ရာခိုင်နှုန်း လမ်းကြောင်းက သွားသင့်တယ်။ ဒီကော်မတီက ၂၀ ရာခိုင်နှုန်း လမ်းကြောင်း က မသွားဘဲနဲ့ ကော်မတီရဲ့ အာဘော်နဲ့ တင်တယ်ဆိုတာတော့ နည်းနည်းရှုပ်ထွေးနေတယ်”ဟု ၎င်းက ပြောသည်။
ပူးပေါင်း ကော်မတီတွင် ပါဝင်သည့် ပါတီ အဖွဲ့အစည်းများမှာ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ၊ ဝ ဒီမိုကရက် တစ်ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပလောင် (တအာင်း) အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသား ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေး ပါတီ၊ မွန် အမျိုး သားပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီနှင့် လီဆူ အမျိုးသား ဖွံဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီလ ၈ ရက်က တင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေး၊ တပ်မတော်တို့က လုပ်ထုံးလုပ်နည်း မညီ ဟုဆိုကာ ကန့်ကွက်သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိ သဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။
မနက်ဖြန် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပူးပေါင်း ကော်မတီ ဖွဲ့စည်းရခြင်း အကြောင်းကို ရှင်းပြမည် ဖြစ်ပြီး ယင်းနောက်တွင် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူတော့ မည် ဖြစ်ရာ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် မည်သို့ ဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ကြံ့ခိုင်ရေးပါတီ၏ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးသောင်းအေးက ပြောသည်။
“ကိုယ်တို့က အားလုံးညှိနှိုင်းပါ။ ညှိနှိုင်းပြီးတော့ အားလုံး သဘောတူညီချက်လေး ရရင်တော့ ဆက်လုပ်ပေါ့။ လွှတ်တော် ထဲကို ပြန်ယူလာပေါ့။ အခုဟာက ကော်မတီ ဖွဲ့ဖို့ အစည်းအဝေးလုပ်တဲ့ ၂ ကြိမ်က ဘာမှမဖြစ်ဘူးဆိုတော့ အဖြစ်လုပ်တာလား။ ဟန်ဆောင် ပန်ဆောင် လုပ်တာလား။ ဒီလိုတွေ စဉ်းစားစရာ ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုသည် လွှတ်တော် နည်းဥပဒေ၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေများနှင့်အညီ လွှတ်တော်က အတည်ပြုထားသည့် အဆိုကို အကောင် အထည် ဖော်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စု လွှတ်တော် နာယက၏ လုပ်ပိုင်ခွင့်ပင် ဖြစ်ကြောင်း NLD ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ဒေါက်တာ မြတ်ဉာဏစိုးသည် ဖွဲ့စည်းတော့မည့် ပူးပေါင်းကော်မတီတွင် အတွင်းရေးမှူးတာဝန် ယူရမည် ဖြစ်ပြီး လက်ရှိ တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးတဦး ဖြစ်သလို ဖွဲ့စည်းပုံ ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုကို တပ်မတော်က မတ်တတ်ရပ် ကန့်ကွက်ခဲ့စဉ်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်၍ ဆက်လက် ဆောင်ရွက်ရန် မတ်တတ်ရပ် ဆွေးနွေးခဲ့သူ ဖြစ်သည်။
“ဒါက ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုထားတဲ့အဆို၊ ကျနော် အမြဲတမ်း ပြောသလို Back ဂီယာ ပြန်ထိုး (နောက်ပြန် လှည့်) လို့ မရဘူး။ ဒီအဆိုအတိုင်းပဲ ဆက်လက် ဆောင်ရွက်ရမှာ။ အဲတော့ တဖက်ကလည်း ပြောကြ တာ ပေါ့။ ဒီမိုကရေစီ အာဏာရှင် ဆန်တယ်၊ ဒီမိုကရေစီ အနိုင်ကျင့်တယ် ဆိုပြီးတော့။ ကျနော်တို့သည် အဲဒီလို မဟုတ်ပါ ဘူး”ဟု ဒေါက်တာ မြတ်ဉာဏစိုး က ဆိုသည်။
မနက်ဖြန်တွင် NLD က တင်သွင်းထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး ဆုံးဖြတ်ရန် ရှိသလို ကြံ့ခိုင်ရေး ပါတီက တင်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် များကို သက်ဆိုင်ရာ လွှတ်တော် များကသာ တိုက်ရိုက် ရွေးချယ်ခွင့် ရရှိမည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့် ဥပဒေကြမ်း ကိုလည်း တင်သွင်းရန် ရှိကြောင်း သိရသည်။