ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြောင်း SSPP ဘက်က သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် အင်အား ၇၀ ကျော်ဖြင့် ဩဂုတ်လ ၆ ရက် နံနက်တွင် လဲချားမြို့ အရှေ့တောင်ဘက် SSPP တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ဆင်ရေး လုပ်ဆောင်လာသဖြင့် နံနက် ၆ နာရီကျော်မှ ညနေ ၃ နာရီအထိ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရည်။
တိုက်ပွဲသည် နောင်ကျန်၊ နမ့်ပေါက်၊ နမ့်လုတ်နှင့် မတ်လန်း စသည့်ရွာများဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးသလို ၂ ဦးကိုလည်း AK ရိုင်ဖယ် ၂ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ SSPP ဘက်ကလည်း တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း SSPP ၏ အချက်အလက်များအရ သိရသည်။
ထိုသို့ ၂ ဖက်ထိခိုက်ကျဆုံးမှုများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တိုက်ပွဲကြောင့် နောင်ကျန်၊ နမ့်ပေါက်နှင့် နမ့်လုတ်ရွာမှ ဒေသခံများသည် ဟိုင်းဆိုင်ရွာဘက်သို့ တိမ်းရှောင်နေရပြီး မတ်လန်းရွာမှ ဒေသခံများသည် လဲချားမြို့ဘက်သို့ တိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင်လည်း ၂ ဖက်စစ်ရေး တင်း မာနေကြောင်းလည်း သိရသည်။
အမည်မဖော်လိုသည့် လဲချားမြို့ခံ အမျိုးသားတဦးက “လဲချားမြို့ရဲ့ အရှေ့ဘက်မှာ လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ အနောက်တောင်ဘက်ဆိုရင်လည်း ခုန ကတောင် ဒီနေ့ညနေပေါ့။ လက်နက်ကြီးသံ ၂ ချက်လောက် ကြားလိုက်ရတယ်” ဟု ဆိုသည်။
တိုက်ပွဲဖြစ်သည့် ဩဂုတ်လ ၆ ရက်ကမူ လဲချားမြို့ပေါ်တွင် လူအသွားအလာကျဲသွားပြီး လဲချားမြို့အရှေ့ဘက်ရှိ မြို့ အဝင် တံတားတစင်းကိုလည်း စစ်ကောင်စီဘက် ယာယီပိတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လက်ရှိတွင် လဲချားမြို့ပေါ်၌ လူအသွားအလာ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း လဲချားမြို့ဒေသခံအမျိုးသားက ပြောသည်။
၎င်းက တိုက်ပွဲကြောင့် လဲချားမြို့ အရှေ့ဘက် မတ်လန်းရွာမှ စစ်ရှောင်အချို့ လဲချားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း ရှင်းပြသည်။
လဲချားမြို့ခံ အမျိုးသားက “လဲချားမြို့အရှေ့ဘက် မတ်လန်းရွာကနေ မြို့ပေါ်ရှောင်လာသူတွေတော့ရှိပါတယ်။ ဆယ်ဂဏန်းတော့ ရှိပါတယ်။ တနေရာနည်းနည်းစီ နေကြတာပေါ့။ မတ်လန်း ဘ.က ကျောင်းက ဘုန်းကြီးနဲ့ ကျောင်း သားတွေပါ။ လဲချားမြို့အမှတ် (၁) ရပ်ကွက် အုတ်ကျောင်းကို ခဏတိမ်းရှောင်လာတာတော့ရှိပါတယ်။ ဒီနေ့တော့ တချို့လည်း ပြန်သွားကြတာ ရှိပါတယ်” ဟု ဆိုသည်။
လဲချားမြို့နယ်ရှိ SSPP ၏ တပ်စခန်း ၁၀ ကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ဘက်က ဇွန်လ ၉ ရက်နှင့် ၁၁ ရက်တွင် SSPP ထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ SSPP ဘက်က လုံခြုံရေးအရ တပ် မဆုတ်ပေးနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။
SSPP ဘက်က တပ်မဆုတ်ပေးနိုင်ကြောင်း ပြောခဲ့ပြီးနောက် ၂ လနီးပါးအကြာတွင် စစ်ကောင်စီတပ်က လဲချားမြို့ပေါ်၌ စစ်အင်အား ၃၀၀ ခန့် ဖြည့်တင်းကာ SSPP တပ်ဖွဲ့ဝင်များရှိရာသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ် သည်။
SSPP ၏ စစ်စခန်း ၁၀ ခုသည် လဲချား- ပင်လုံကားလမ်း၏တောင်ဘက်တွင်ရှိပြီး အဆိုပါ စခန်းများကို လုံခြုံရေး အခြေ အနေအရ မဆုတ်ပေးနိုင်ခြင်းဖြစ်ကြောင်း SSPP ဘက်က ဧရာဝတီကို ပြောဖူးသည်။
တိုင်းရင်းသား လက်နက်ကိုင်များအရေး လေ့လာနေသည့် သုတေသီတဦးကမူ စစ်ကောင်စီတပ်သည် SSPP အား သွေးတိုးစမ်သည့်သဘောတိုက်ခိုက် လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ရှေ့ဆက်တိုးပါက တိုက်ပွဲ ထပ်ဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းက “SSPP ဘက်ကတော့ အကန့်အသတ်နဲ့ တိုက်မယ့်ပုံ ပေါ်တယ်။ စစ်တပ်ကတိုက်ရင် သူတို့ပြန်တိုက်မယ်။ စစ်တပ်က မတိုက်ရင်တော့ သူတို့လည်း ရပ်ထားမှာပဲ။ စစ်တပ်ကြည့်ရတာလည်း သွေးတိုးစမ်းတဲ့ ပုံစံမျိုးပါပဲ။ တကယ်စစ်ဆင်ရေးလုပ်တဲ့ ပုံတော့ မပေါ်ဘူး။ အဲဒီဘက် ရလခ နယ်မြေထဲမှာ တပ်အင်အားလည်း သိပ်မရှိဘူး။ တိုက်ပွဲဆက်ဖြစ်ဖို့ကတော့ နည်းပါတယ်။ စစ်တပ်က တိုက်ရဲမယ် မထင်ဘူး” ဟု ဆို သည်။
လဲချားမြို့နယ်ထဲရှိ SSPP ၏ တပ်စခန်းများသည် SSPP ဘက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့များအား ၂၀၂၁ ဇွန်လမှ စတင်ကာ အပြင်းအထန် စစ်ဆင်တိုက်ခိုက်ပြီးနောက် နေရာယူထားသည့် စခန်းများ ဖြစ်ကြောင်း စစ်ရေးလေ့လာသူများထံမှ သိရသည်။
You may also like these stories:
မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ